ဆံသားကျန်းမာခြင်းက သင့်အလှကို အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဆံသားလေး စိုပြီး ကျန်းမာနေမယ်ဆိုရင် သင့်မျက်နှာက အလိုလို လှနေတတ်ပါတယ်။ ဆံပင်ခြောက်သွေ့နေမယ်ဆိုရင်တော့ ကြည့်မကောင်းဖြစ်နိုင်ပါတယ်။ ဆံသားကျန်းမာဖို့ အခြေခံ အဆင့်ဖြစ်တဲ့ ခေါင်းလျှော်တဲ့အဆင့်က အင်မတန် အရေးကြီးပါတယ်။ ဒီထဲမှာတော့ ခေါင်းလျှော်တဲ့အချိန် လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။
၁။ ခေါင်းမလျှော်ခင် အရင်ခေါင်းဖြီးပေးပါ
ခေါင်းရေစိုမှ ဆံပင်ကို ရှင်းမယ်ဆိုရင် သင့်ဦးရေပြား နာနိုင်ပါတယ်။ ခေါင်းမလျှော်ခင် Detangle Brush နဲ့ ဖြီးပေးတာက ဦးရေပြား သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် ဆံပင်အစိုဓာတ်လည်း ရစေပါတယ်။ ဒါ့အပြင် ဆံသားလည်း ရှင်းသွားပါလိမ့်မယ်။
၂။ ကိုယ့်ဆံပင် အမျိုးအစားကို သိအောင် လုပ်ပါ
ကိုယ့်ဆံပင်က ပျက်စီးနေတဲ့ ဆံသားလား၊ အားနည်းတဲ့ ဆံသားလား၊ ထူပြီး ကြမ်းတမ်းတဲ့ ဆံသားလား စသဖြင့် သိသင့်ပါတယ်။ ဒီလိုဆိုရင် သင့်အနေနဲ့ ရှန်ပူရွေးတဲ့အခါ ကိုယ့်ဆံပင်အတွက် ရည်ရွယ်တဲ့ ရှန်ပူမျိုးကို ပိုရွေးချယ်နိုင်ပါလိမ့်မယ်။
၃။ ခေါင်းလျှော်တဲ့အခါ
သင်က ရှန်ပူထည့်တဲ့အချိန် အမြှုပ်အမြန် ထွက်ချင်ရင် ခေါင်းသေချာ ရေစိုအောင် လုပ်သင့်ပါတယ်။ ရေများများနဲ့ ပထမဆုံး ဆေးပေးမှ ဦးရေပြားပေါ်က ဖုန်တွေ၊ အဆီတွေ ပါသွားမှာပါ။ ရှန်ပူသုံးတဲ့အခါ ခေါင်းပေါ်ကို တိုက်ရိုက်ချတာမျိုး ရှောင်သင့်ပါတယ်။ ဒီအစား သင့်လက်ပေါ်မှာ ရှန်ပူကို အရင်တင်ပြီး အမြှုပ်ထွက်တဲ့အထိ စက်ဝိုင်းပုံစံ ပွတ်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် ရှန်ပူခဏခဏ သုံးရတာလည်း သက်သာပါတယ်။
၄။ ဦးရေပြားပေါ် ရှန်ပူကို ပွတ်ပေးပါ
ခေါင်းလျှော်တာရဲ့ အဓိက ရည်ရွယ်ချက်က ဦးရေပြားက အဆီတွေ၊ ဖုန်တွေ ပါသွားဖို့ပါ။ ဒါကြောင့် ရှန်ပူသုံးပြီးနောက် ပွတ်တဲ့အခါ ဦးရေပြားကိုပဲ သေချာ ပွတ်ပေးသင့်ပါတယ်။ ရေဆေးချတဲ့အခါ ဆံပင်အဖျားက သူ့အလိုလို ဆေးချပြီးသား ဖြစ်သွားပါလိမ့်မယ်။
၅။ အဆီပြန်တတ်တဲ့ ဦးရေပြား
သင့်ဦးရေပြားက အဆီပြန်လွန်းလို့ ခေါင်းနေ့တိုင်း လျှော်မယ့်အစား တစ်ခါလျှော်ရင် နှစ်ခါ လျှော်သင့်ပါတယ်။ နေ့တိုင်းခေါင်းလျှော်မယ်ဆိုရင် သင့်ဦးရေပြား ခြောက်သွေ့လားပြီး ဆံသား အလွယ်တကူ ပျက်စီးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar