အိပ်ရာက စောစောထတဲ့အကျင့် မွေးထားတဲ့ ကမ္ဘာကျော်တစ်ချို့အကြောင်း ကြားဖူးကြမှာပါ။ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ် ၊ ကမ္ဘာကျော်အစီအစဉ်တင်ဆက်သူ အိုပရာဝင်းဖရေးနဲ့ အိုလံပစ်ရေကူးမယ် ကာရိုလိုင်းဘာကဲလ်တို့ရဲ့ ဘဝမှာ အိပ်ရာက စောစောထခြင်းဟာ အောင်မြင်မှုကို ပံ့ပိုးပေးတဲ့ အကျင့်ကောင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။ အောင်မြင်သူတိုင်း အိပ်ရာက စောစောထတယ်လို့ တရားသေပြောလို့ မရပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်သူဟာ အရင်ဆုံး ကျန်းမာရေးအကျိုးများတဲ့ အိပ်ရာစောစောထတဲ့ အကျင့်ကို လုပ်ကြည့်သင့်ပါတယ်။ မနက်စော အိပ်ရာက ထနိုင်ဖို့အတွက်ဆိုရင် သိပ်အခက်ကြီး လုပ်စရာမလိုပါဘူး။

(၁) တစ်နေ့ တစ်မိနစ် စောထပါ

Photo : Shutterstock

ကိုယ်တကယ် အိပ်ရာက နိုးထမယ့်အချိန် ရောက်ဖို့ တစ်လ ၊ တစ်လခွဲလောက် နေ့စဉ် ၁ မိနစ်စောပြီး အိပ်ရာက ထကြည့်သင့်ပါတယ်။ ဆိုပါစို့။ လောလောဆယ် မနက် ၇ နာရီမှ အိပ်ရာထ ဖြစ်ပြီး ကိုယ့်စိတ်ကူးက မနက်ဆို ၅ ခွဲမှာ အိပ်ရာက ထမယ်ဆိုရင် ပထမရက် ၆ နာရီ ၅၉ မိနစ်မှာ နှိုးစက်ပေး ၊ နောက်နေ့မှာ ၆ နာရီ ၅၈ ဒီနည်းနဲ့ လျှော့လျှော့ပြီး နှိုးစက်ပေးသွားကြည့်ပါ။ အကျင့်ဖြစ်သွားရင် မနက် ၅ ခွဲ အိပ်ရာက ထဖို့ မခက်တော့တာ သိရမှာ ဖြစ်ပါတယ်။

(၂) ညဘက်အိပ်ရာဝင်ချိန် ဂရုစိုက်ပါ

Photo : Shutterstock

စောစော အိပ်ရာထချင်ရင် ညဘက်လည်း စောစောအိပ်ရာဝင်ရမှာပါ။ ဖုန်းနဲ့ screen ပါတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ အိပ်ရာဝင်ဖို့ ၂ နာရီလောက် ကြိုပြီး အဆက်ဖြတ်ထားသင့်ပါတယ်။ မအိပ်ချင်သေးရင် စာအုပ်တစ်အုပ်လောက် ကောက်ဖတ်သင့်ပါတယ်။

(၃) အိပ်ရာဝင် လေ့ကျင့်ခန်းလုပ်ပါ

Photo : Shutterstock

အိပ်ရာထဲရောက်လို့ တန်းအိပ်မပျော်တတ်ရင် အသက်ရှုလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ အသက်ကို ဂဏန်းအရေအတွက်နဲ့ မှတ်ပြီး ရှုသွင်းရှုရှိုက်လုပ်တဲ့ အလေ့အကျင့်ကလည်း အိပ်လို့ အမြန်ပျော်စေပါတယ်။ တစ်ချို့သူတွေကတော့ စိတ်နဲ့ အကြောဖြေလျှော့တဲ့အလေ့လည်း လုပ်ကြပါတယ်။

(၄) Challenge လုပ်ပါ

Photo : Shutterstock

ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းပြီး မနက်စောစော အိပ်ရာကထပြီး လမ်းလျှောက်တာ ၊ ပြေးတာလိုမျိုး လုပ်တာကလည်း အိပ်ရာကစောစောထစေနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။ သူငယ်ချင်းနဲ့ Challenge လုပ်ထားတာကြောင့် ဇီဝအချက်ပြမှုနဲ့ ကိုယ့်ကိုယ်ကိုယ် အိပ်ရာက ထအောင် နှိုးဆော်ပြီးသားဖြစ်စေပါတယ်။

တကယ်လို့ ကိုယ်က ခပ်ပျင်းပျင်းဆိုရင် နှိုးစက်ကို ကိုယ့်အနားမှာ မထားဘဲ အခန်းထောင့် လက်လှမ်းမမှီလောက်တဲ့ နေရာမှာ ထားပါ။ ဒါမှ နှိုးစက်သံ သွားပိတ်ဖို့ သွားရင်းနဲ့ အိပ်ချင်ပြေသွားနိုင်ပါတယ်။ အိပ်ရာက စောစောထဖို့ဆိုတာ စိတ်က အရေးကြီးဆုံးပါပဲ။ စိတ်ကို မောင်းတင်ပြီး အလေ့အကျင့်လုပ်ထားမယ်ဆိုရင် မနက်စောစောထမယ့်ကိစ္စ အဆင်ပြေသွားပါလိမ့်မယ်။