မင်္ဂလာပါ ပျိုမေတို့ရေ။ ဆားဝက်ခြံတွေရှိနေတာက အသားအရေကြည်လင်မှုမရှိတဲ့အပြင် ဆားဝက်ခြံအမဲစက်တွေကြောင့် သင့်မျက်နှာကို ကြည့်ရဆိုးစေမှာပါ။ အဆီနဲ့ ဆဲလ်သေတွေ ချွေးပေါက်ထဲပိတ်မိရာကတစ်ဆင့် ဖြစ်တတ်တဲ့ ဆားဝက်ခြံတွေဟာ မျက်နှာရဲ့ T Zone လို့ခေါ်တဲ့ နှာခေါင်း၊ မေးစေ့၊ နဖူးနေရာတွေမှာ အထွက်များပြီး နည်းလမ်းမှန်မှန်နဲ့ မဖယ်ရှားမိရင် ပိုများလာတတ်ပါတယ်။


ဆားဝက်ခြံတွေကို အပြီးတိုင်ဖယ်ရှားဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ ချွေးပေါက်သန့်စင်ဖို့ ချေးချွတ် Scrub လုပ်ပေးတာပါ။ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် ချွေးပေါက်မပိတ်အောင်ကာကွယ်ပေးသလို ဆဲလ်သေတွေဖယ်ရှားပေးလို့ ဝက်ခြံပြဿနာတွေလည်းမဖြစ်စေပါဘူး။ ဒါကြောင့်မို့ မျက်နှာချေးချွတ်ပြီး ဆားဝက်ခြံဖယ်ရှားနိုင်ဖို့ နည်းလမ်းမှန်မှန် Scrub တိုက်နည်းအဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး ချေးမချွတ်ခင်မှာ မျက်နှာသစ်ထားဖို့ လိုပါမယ်နော်။ မျက်နှာပေါ်က မိတ်ကပ်နဲ့ဖုန်အကြွင်းအကျန်တွေ ဖယ်ရှားဖို့ Cleanser အပျော့လေးနဲ့ အရင်မျက်နှာသစ်ပေးပါ။


ရေမခြောက်တခြောက် အနေအထားနဲ့ ကိုယ်သုံးမယ့် Scrub (သို့) Mask ကိုကပ်ပါမယ်။ Scrub လိမ်းထားတဲ့သူတွေက အသားထိစိမ့်ဝင်အောင် လိမ်းထားတဲ့နေရာတွေကို လက်အသန့်နဲ့ စက်ဝိုင်းပုံဝိုက်ပြီး နှိပ်နယ်ပေးပါ။ အရမ်းမပွတ်မိအောင်တော့ သတိထားပေးပါနော်။


၅ မိနစ်လောက်ပဲထားပြီး ရေနွေးနွေးလေးနဲ့ Scrub တွေ အားလုံးစင်သွားအောင် ဆေးချပေးရပါမယ်။ ပြီးသွားတဲ့အခါ Toner နဲ့ Moisturizer လေးလိမ်းပြီး အစိုဓာတ်ထိန်းထားပေးလိုက်ရုံပါပဲ။


ဒီအဆင့်တွေအတိုင်း ဆားဝက်ခြံ ချေးချွတ်သန့်စင်ခြင်းကို တစ်ပတ် နှစ်ကြိမ်မှ သုံးကြိမ်အထိပြုလုပ်နိုင်ပါတယ်။ လိုတာထက်ပိုလုပ်မိရင် အသားပါးပြီး Sensitive ဖြစ်သွားနိုင်တာကိုတော့ သတိထားပေးပါ။ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် ဆားဝက်ခြံတွေပါးပြီး ချောမွေ့တဲ့အသားအရေလေး အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar