ကလီယိုပတ်ထရာ ဘုရင်မရဲ့ အလှအပနောက်ကွယ်က လျှို့ဝှက်ချက်က သံလွင်ဆီကြောင့်ဆိုတာကို ပျိုမေလေးတို့ သိပြီးကြပြီလား။ သံလွင်ဆီက ဆဲလ်သေလေးတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာအောင် ကူညီပေးတာကြောင့် မျက်နှာပေါ်မှာ အမဲစက်နဲ့ ညိုညစ်ညစ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပြီး အသားအရေကို ဝင်းလက်တောက်ပြောင်စေပါတယ်။ အီဂျစ်နိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကတည်းက အလှအပအတွက်ဆိုရင် သံလွင်ဆီကို အသုံးပြုလာခဲ့ကြတာပါ။

အဆီပြန်တဲ့ပုံစံမျိုးမဟုတ်ဘဲ အသားအရေက လှလှပပလေးနဲ့ Glow ချင်တဲ့ ပျိုမေလေးတွေအတွက် သံလွင်ဆီကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

နည်းလမ်း (၁)

သဘာဝ သံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း တစ်ဇွန်း၊ မျက်နှာသုတ်ပုဝါနှင့် ရေနွေးပူတို့ လိုအပ်ပါလိမ့်မယ်။ သံလွင်ဆီထဲသို့ လက်ချောင်းလေးတွေနှစ်လိုက်ပြီး ထိုလက်ချောင်းလေးများနဲ့ ပါးပြင်ပေါ်သို့ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် နှာခေါင်း၊ နဖူးနဲ့ မေးစေ့တို့ကိုတော့ လက်ချောင်းလေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။  မျက်နှာသုတ်ပုဝါကို ရေနွေးပူထဲနှစ်လိုက်ပြီးနောက် အရည်ညှစ်လိုက်ကာ မျက်နှာပေါ်မှာ အေးသွားတဲ့အထိ အုပ်လိုက်ပါ။

ပုဝါကို ရေနွေးပူထဲ ထပ်ထည့်ပြီး အရည်ညှစ်လိုက်ပါ။ ဒီတစ်ခါမှာတော့ မျက်နှာပေါ်သို့ အသာအယာပွတ်တိုက်ပေးရင်း မျက်နှာပေါ်က သံလွင်ဆီများကို ဖယ်ရှားလိုက်ပါ။ နောက်ဆုံးမှာတော့ ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ မျက်နှာသုတ်လိုက်ပါ။ ဒီနည်းလမ်းလေးကို မနက်တစ်ကြိမ် ညတစ်ကြိမ် နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင် တစ်ပတ်ကြာတာနဲ့ သိသာထင်ရှားတဲ့ရလဒ်များကို မြင်တွေ့ရပါလိမ့်မယ်။

နည်းလမ်း (၂)

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုရိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပြီးနောက် မျက်နှာပေါ် သုတ်လိမ်းပေးကာ တစ်မိနစ်၊ နှစ်မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ နောက်ဆုံးကျမှ ရေအေးလေးနဲ့ မျက်နှာပြန်သစ်ပေးရပါမယ်။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

နည်းလမ်း (၃)

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥအနှစ် ၁ လုံးတို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်း သုံးမျိုးစလုံးကို ပန်းကန်လုံးထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းကာ ၁၅ မိနစ်ခန့် ခြောက်အောင် စောင့်နေလိုက်ပါ။ အချိန်ပြည့်သွားရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ သိသာထင်ရှားတဲ့ရလဒ်ကို မြန်မြန်မြင်တွေ့ချင်တယ်ဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်ပေးရပါမယ်။

ကဲ… ဘယ်လိုလဲ ပျိုမေလေးတို့ရေ ဒီနည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်ကြတော့မယ်မလား။

Source: stylecraze.com