ကိုယ်တစ်နေ့အတွင်း လုပ်တဲ့အရာတွေက တစ်ချိန်ချိန် ဖြစ်လာမယ့် ကိုယ့်ပုံစံပါပဲ။ ဒီတော့ နေ့ရက်တိုင်းမှာ ကိုယ့်အတွက် အကျိုးရှိတာလေး တစ်ခုတော့ လုပ်ပေးသင့်ပါတယ်။ အခုဖော်ပြထားတဲ့အချက်တွေက သင့်ပုံစံကို လုံးဝပြောင်းလဲတဲ့အထိ မဖြစ်ခဲ့ရင်တောင် လုပ်ရကျိုးနပ်မယ့် အလေ့အကျင့်တွေပါပဲ။ ၂၁ ရက်ပဲလုပ်ရမယ့်အပြင် လွယ်ကူတာကြောင့် မိန်းကလေးတိုင်း လိုက်လုပ်နိုင်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ နိုးနိုးချင်း ဖုန်းမသုံးပါနဲ့

မနက်မိုးလင်းတာနဲ့ အိပ်ယာက မထသေးဘဲ ဖုန်းပွတ်တတ်တဲ့ အကျင့်ကို စာဖတ်သူအားလုံးနီးပါး လုပ်ဖူးမှာပါ။ Social Media ပေါ်မှာ ကောင်းတဲ့သတင်းတွေကော၊ မကောင်းတဲ့အရာတွေကော ရောနေတတ်ပါတယ်။ စိတ်ရှုပ်စရာတစ်ခုခု ကြုံလိုက်တာနဲ့ သင်တစ်နေ့တာလုံးစာ စိတ်ရှုပ်တော့တာပါပဲ။ ဒီတော့ ပထမဆုံး စလုပ်ရမှာက ၂၁ ရက်အတွင်း မနက်ပိုင်းမှာ ဖုန်းမသုံးတာပါ။

၂။ ကျေးဇူးတင်ကြောင်းရေးပါ

၂၁ ရက်အတွင်းမှာ မနက်တိုင်း သင်ကျေးဇူးတင်တဲ့အရာ (၃) ခုကို ရေးပေးရပါမယ်။ ဒီသုံးခုနဲ့အတူ ဘာကြောင့် ကျေးဇူးတင်တာလဲပါ ရေးပေးရပါမယ်။ ဥပမာ- ကျေးဇူးတင်တဲ့အရာက သင့်ရဲ့ မိသားစု ဖြစ်ပြီး ကျေးဇူးတင်ရတဲ့အကြောင်းအရင်းက သင်စိတ်ညစ်တဲ့အချိန်တိုင်း အနားမှာ အားပေးတာကြောင့် ကျေးဇူးတင်ကြောင်း ရေးနိုင်ပါတယ်။

၃။ အားကစားလုပ်ပါ

မိနစ် ၃၀ အချိန်ပေးပြီး ၂၁ ရက်စာ လေ့ကျင့်ခန်း လုပ်ရပါမယ်။ နေ့တိုင်း လုပ်စရာမလိုပါဘူး။ ၂၁ ရက်မှာမှ တစ်ပတ်မှာ သုံးရက် ဒါမှမဟုတ် လေးရက်ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့တိုင်းလှုပ်လှုပ်ရှားရှား နေပေးဖို့ လိုအပ်ပါတယ်။ သင်က အားကစား လုပ်လာတဲ့အခါ အရင်ကထက် ပိုပေါ့ပါးပြီး ပိုပျော်ရွှင်လာပါလိမ့်မယ်။

၄။ အစားအသောက်ရဲ့ ၈၀ ရာခိုင်နှုန်း

သင်စားတဲ့ အစားအသောက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဖြစ်ရပါမယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက သင့်အကြိုက်ဆုံး အစားအသောက်စားနိုင်ပါတယ်။ ဒီလို စားသောက်ပုံစံကို နေ့တိုင်း ၂၁ ရက်ပြုလုပ်နိုင်ပါတယ်။ ဒီလိုမလုပ်ချင်ရင် တစ်ပတ်ရဲ့ တစ်ရက်မှာ ကိုယ်ကြိုက်တာစားပြီး ကျန်တဲ့ ၆ ရက်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားတာမျိုး လုပ်နိုင်ပါတယ်။

၅။ ကိုယ့်ကောင်းကြောင်းကို ပြောပါ

သင်က ၂၁ ရက်အတွင်းမှာ သင့်ကိုယ်သင် အားပေးစကား ပြောရပါမယ်။ နင်လုပ်နိုင်တယ်၊ နင်က တော်ပြီးသား၊ တခြားသူတွေနဲ့ နင့်ကိုယ်နင် နှိုင်းယှဉ်စရာမလိုဘူး၊ နင့်လမ်းကြောင်း နင်ဆက်သွားနေတယ်စသဖြင့် ကိုယ့်ကောင်းကြောင်းကို နေ့တိုင်း ပြောပေးရပါမယ်။ ဒီစကားလုံးတွေက အပြောများလာတဲ့အခါ အမှန်တကယ် ဖြစ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar