ကြင်နာတဲ့ အပြုအမူတစ်ရပ်ဟာ လူတစ်ယောက်ကို အမြဲနွေးထွေးရင်းနှီးစေပါတယ်။ တချို့ အပြုအမူလေးတွေက ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပေမယ့် နှလုံးသားကို နူးညံ့စေနိုင်စွမ်း ရှိပါတယ်။ လူတစ်ယောက်ကို ဂရုစိုက်ပါတယ် ပြောပြဖို့ သိပ်ကို ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

(၁) ဟင်းချက်ပေးတာ

လက်ရာကောင်းကောင်း အထူးဟင်းလျာတစ်ခွက် ချက်ကျွေးတာကလည်း ဂရုစိုက်ကြောင်း ပြတာပါပဲ။ ခင်လို့ မင်လို့ ဟင်းခွက်ကမ်းတာဟာ မိတ်ဆွေတွေတင်မဟုတ်ဘဲ သူစိမ်းတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်စေနိုင်ပါတယ်။

ဒါကြောင့် လူတစ်ယောက်ကို ဂရုစိုက်ပါတယ်ဆိုပြီး ပါးစပ်က ဖွင့်မပြောချင်ရင် ဟင်းချက်ကျွေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) ကူလုပ်ပေးလိုက်ပါ

တိုလီမိုလီ အလုပ်ကလေးတွေ ဝင်ကူလုပ်ပေးတာကလည်း ဂရုစိုက်နည်းတစ်မျိုးပဲ မဟုတ်လား။ ဈေးက အထုပ်တွေ တနင့်တပိုးနဲ့ ပြန်လာတဲ့ အိမ်နီးချင်းကို ဝိုင်းကူသယ်ပေးတာမျိုး ၊ အိမ်မှုကိစ္စလေးတွေ ဝိုင်းကူလုပ်ပေးလိုက်တာမျိုးကနေ နောက်ဆုံး လမ်းကူးဖို့ ခက်နေတဲ့သူကို ဝိုင်းကူပြီး လမ်းကူ ကူးပေးတာမျိုးအထိ သေးငယ်လှတဲ့ အကြင်နာအပြုအမူလေးတွေဟာ အရေးကြီးလှတဲ့ ဂရုစိုက်နည်းတစ်မျိုးပါပဲ။

(၃) လက်ဆောင်လေးတွေ ပေးပါ

အမှတ်တရ နေ့ရက်တွေမှာ တကူးတက လက်ဆောင်ပေးတာမျိုးကလည်း ကိုယ့်ရဲ့ ဂရုစိုက်မှုကို ဖော်ပြနေတာပါပဲ။ လူတွေ ကိုယ့်ကို သဘောကျစေချင်ရင် ခရီးထွက်ရင်း လမ်းတစ်လျှောက်မှာ တွေ့ခဲ့တဲ့ ထူးထူးဆန်းဆန်း စားသောက်စရာ နဲ့ အမှတ်တရပစ္စည်းလေးတွေ ဝယ်လာပြီး လက်ဆောင်ပေးကြည့်ပါ။ သိသိသာသာ စေတနာရောင်ပြန်ဟပ်ပါလိမ့်မယ်။

(၄) နားထောင်ပေးလိုက်ပါ

အခုခေတ်မှာ လူတိုင်း စိတ်ဖိစီးနေကြတာပါပဲ။ ပြောစရာ စကားတွေ ပြည့်နေပြီး ကိုယ့်ကို နားထောင်ပေးမယ့်သူ မျှော်နေကြပါတယ်။ လူတစ်ယောက် ရင်ဖွင့်တာကို စိတ်ဝင်စားမှုအပြည့်နဲ့ နားထောင်ပေးလိုက်တာဟာ တစ်ဖက်လူအဖို့ တကယ်ကျေးဇူးတင်စရာကောင်းတဲ့ စာနာမှုရလိုက်တာပဲ ဖြစ်ပါတယ်။

ဒီတော့ တစ်ယောက်ယောက်ကို အလေးအနက်ထားတယ် ၊ သူ့အပေါ်လည်း စိတ်ဝင်တစားရှိပြီး ဂရုစိုက်တယ်ဆိုရင် အခုပြောခဲ့တာလေးတွေ လုပ်ကြည့်ဖို့ မမေ့ပါနဲ့လို့ ပြောချင်ပါတယ်။