သူ့ဘက်က ကိုယ့်ကို ဂရုစိုက်ပြီး ချစ်နေပေမယ့် ကိုယ့်ဘက်က ဘယ်လိုမှ သူ့ကို စိတ်ထဲ ထည့်လို့မရတော့တာမျိုး လက်ရှိမှာ သင်က ကြုံနေရတယ်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါ။ သင့်အနေနဲ့ သင့်ကို ချစ်နေတဲ့သူ မနာကျင်အောင် ကြိုးစားသင့်ပါတယ်။ အခုဖော်ပြထားတဲ့ အကြံပြုချက်တွေကတော့ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပြီး သူ့ဘက် မထိခိုက်စေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ ကြင်နာပါ

သူနဲ့ လမ်းခွဲမယ်လို့ စဉ်းစားထားရင် စောကတည်းက ကြို ပြင်ဆင်ထားသင့်ပါတယ်။ ရန်ဖြစ်ပြီး သူနဲ့ လမ်းခွဲတာမျိုး မလုပ်သင့်ပါဘူး။ သူ့ကို ကြင်ကြင်နာနာ ဆက်ဆံပြီး ဆွေးနွေးသင့်ပါတယ်။

၂။ ကိုယ်ဘာပြောမလဲ စဉ်းစားထားပါ

သင့်ကို ချစ်နေတဲ့သူနဲ့ လမ်းခွဲရမှာက ဗြုန်းစားကြီး မလုပ်သင့်တဲ့ အရာပါ။ ဒီဆုံးဖြတ်ချက်က သင့်အတွက် သေရောသေချာရဲ့လား သုံးသပ်ပေးရပါမယ်။ သူ့ကို ပြောဖို့ ဘယ်စကားက အသင့်တော်ဆုံးလဲ ကြိုစဉ်းစားထားဖို့ လိုပါတယ်။

၃။ ရိုးသားပါ

လူတစ်ယောက်နဲ့ လမ်းခွဲဖို့ အကောင်းဆုံး နည်းလမ်းကတော့ ရိုးသားတာပါ။ တခြား မဆိုင်တဲ့ ဆင်ခြေတွေနဲ့ လမ်းမခွဲသင့်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောပြီး ရိုးသားကာ သူ့မေးခွန်းတွေအတွက် ပြင်ဆင်ထားသင့်ပါတယ်။ ဘာကြောင့် သင်က လမ်းခွဲလဲ သူအမှန်အတိုင်း သိထားဖို့ လိုပါတယ်။

၄။ အနာဂတ်မှာ သင်မြင်တဲ့ ပုံစံကို အမှန်အတိုင်းပြောပါ

အနာဂတ်မှာ ဘယ်လိုမှ အဆင်မပြေတော့ကြောင်း၊ သင့်အနာဂတ်က ဘယ်လိုရှိကြောင်း သူသိအောင် ပြောသင့်ပါတယ်။ သူ့အတွက်လည်း ရှင်းရှင်းလင်းလင်း သိသွားရင် သင့်ကို မေ့ဖျောက်ဖို့ ပိုလွယ်ကူမှာပါ။ အနာဂတ်မှာ သင်သူနဲ့ မိတ်ဆွေ ဖြစ်ချင်ကြောင်းလည်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။

၅။ သင့်မှာ အကြောင်းပြချက်ရှိရင် သူ့ကို ပြောပါ

သင့်ဘက်က လမ်းခွဲရတဲ့ အကြောင်းအရင်းကို သူသိအောင် ရှင်းရှင်းလင်းလင်း ပြောဖို့ လိုပါမယ်။ သူ့ဘက်ကလည်း သင့်ကို မေးလာမှာပါ။ သူသာ အကြောင်းအရင်းကို မသိခဲ့ရင် သူ့ဘဝတစ်ခုလုံး သင့်ကို အမုန်းကြီး မုန်းသွားပါလိမ့်မယ်။

၆။ သင်ရင်ဖွင့်တဲ့သူကို သတိထားပါ

သင်သူနဲ့ လမ်းခွဲတော့မယ် ဆိုတဲ့ အကြောင်းကို တခြားသူဆီ ရင်ဖွင့်တဲ့အခါ ယုံရသူကိုပဲ ရင်ဖွင့်သင့်ပါတယ်။ အခင်ဆုံး သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် တစ်ယောက်ယောက်ကို ပြောပြနိုင်ပါတယ်။ သင်ရင်ဖွင့်သူက နှုတ်မလုံရင် သင်လမ်းခွဲမယ့်သူဆီပါ ဒီစကားလုံးတွေက ရောက်သွားနိုင်ပါတယ်။

၇။ သင့်ကိုယ်သင် စစ်မှန်ပါစေ

သူနဲ့ တကယ်လမ်းခွဲချင်စိတ် ဖြစ်နေရင် ဆက်သာ သွားသင့်ပါတယ်။ သူခံစားရမှာ ကြောက်လို့ မပြောဘဲ နေတာမျိုး ရှောင်သင့်ပါတယ်။ လမ်းခွဲရတာက ခက်ခဲပေမယ့် သင့်အတွက် တစ်နေ့နေ့ အဆင်ပြေသွားမှာပါ။ အစစအရာရာ တစ်ချိန်ချိန် အဆင်ပြေသွားမှာပါ။

Photo Source: Pinterest

By MyStyle Myanmar