ကိုယ်အလေးချိန်ကျဖို့ဆိုတာက အတော်လေးကိုခက်တဲ့ စိန်ခေါ်မှုဖြစ်ပြီး စိတ်ဖိစီးမှုတွေ များနေရင်တော့ ပိုတောင်ခက်ခဲနေပါလိမ့်မယ်။ စိတ်ဖိစီးမှုများတဲ့အခါ ကိုယ်အလေးချိန်ကျဖို့ ခက်ရုံသာမက ကိုယ်အလေးချိန် တက်လာဖို့ ပိုပြီးလွယ်ကူပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်မတက်စေဖို့ စိတ်ဖိစီးမှုကို ကျော်လွှားဖို့က အရေးကြီးပါတယ်။

စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေမှာ လူတွေဟာ စိတ်မအီမသာဖြစ်မှုကနေ ယာယီသက်သာဖို့ သကြား၊ အဆီနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို စားမိတတ်ကြပါတယ်။ ဒီအစားအစာတွေက ကယ်လိုရီပိုလျှံစေရုံသာမက မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များကို ချို့တဲ့စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ကယ်လိုရီတွေကို အဆီအဖြစ် သိမ်းဆည်းထားတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာစေပါတယ်။

စိတ်ဖိစီးမှုက ဦးနှောက်ကိုနှောင့်ယှက်တာမလို့ စိတ်ဖိစီးမှုများတဲ့သူတွေဟာ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တော့ဘဲ မကြကြာနိုးတတ်ကြပါတယ်။ နိုးလာတဲ့အခါ အတွေးပေါင်းစုံနဲ့ ပြန်အိပ်မရတော့ဘဲ အိပ်ပျော်ဖို့ ခက်ခဲလာပါတယ်။ ဒီလို စိတ်ဖိစီးမှုကြောင့် အိပ်ရေးပျက်တာ အိပ်ရေးမဝတာတွေကလည်း ကိုယ်အလေးချိန်တက်လာစေတဲ့ အကြောင်းတွေထဲက တစ်ခုပါပဲ။

စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်က ဇီဝဖြစ်စဥ်တွေက နှေးကွေးလာပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေမှာ ထုတ်ပေးတဲ့ Cortisol ဟော်မုန်းက ဇီဝကမ္မဖြစ်စဉ်များလို မရှိမဖြစ်လိုအပ်တဲ့ ဇီဝကမ္မဖြစ်စဉ်များကို ခေတ္တရပ်တန့်စေလို့ပါ။

မိန်းကလေးတွေ စိတ်ဖိစီးမှုခံစားရတဲ့အခါ ရာသီစက်ဝန်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကြောင့် ရာသီစက်ဝန်းနှောင့်နှေးတာ ၊ ရာသီမမှန်တာ ဒါမှမဟုတ် ရာသီမလာတာ စတာတွေကြောင့် ပင်ပန်းနွမ်းနယ်တာ ကိုယ်အလေးချိန် တက်လာတာတွေ ဖြစ်လာပါတယ်။

စိတ်ဖိစီးမှုများတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ ခွန်အားမရှိတော့ပါဘူး ။ လေ့ကျင့်ခန်းပုံမှန်မလုပ်နိုင်တော့တဲ့အခါ ကိုယ်လက်လှုပ်ရှားမှုမရှိတော့ဘဲ ကိုယ်အလေးချိန်တက်လာစေပါတယ်။