လူတစ်ယောက်ရဲ့ရုပ်ရည်ချောမောမှုဟာ အသားအရေနဲ့လည်း အများကြီးဆိုင်တယ်ဆိုတာသိကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့အသားအရေက အဆီပြန်တတ်တဲ့အသားအရေလား အရမ်းခြောက်တဲ့အသားအရေမျိုးလား ဆိုတာသိကြပါတယ်။ အဆီပြန်တတ်တဲ့သူဆိုရင်လည်း အဆီပြန်သလို ပြဿနာရှိပေမယ့် အသားခြောက်တဲ့သူတွေဆိုရင်လည်း ခြောက်သလိုမျိုးပြဿနာရှိပါတယ်။ အဆီပြန်တဲ့အသားအရေကို ပိုင်ဆိုင်ထားပြီဆိုရင် ကိုယ်ရဲ့အသားအရေကို နည်းလမ်းမှန်ကန်စွာနဲ့ သေချာဂရုစိုက်ဖြစ်ရဲ့လား ။ Skin Care တွေပုံမှန်သုံးနေလည်း အဆီပြန်တာကိုထင်သလောက် မသက်သာဘူးဆိုရင်တော့ ဒီအချက်တွေ သတိထားဖို့တော့ လိုအပ်နေပါပြီ။

ခေါင်းအုံးစွပ်ပုံမှန်မလဲပေးတာ

ခေါင်းအုံးစွပ်ဆိုတာက ကိုယ့်မျက်နှာအသားအရေနဲ့တိုက်ရိုက်ထိတွေ့နေတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ရဲ့အလှအပနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။ လူတော်တော်များများက ခေါင်းအုပ်စွပ်တို့ မျက်နှာသုပ်ပိုင်းတွေကိုဆိုရင် အမှူမဲ့ အမှတ်မဲ့နဲ့ ပုံမှန်လေး မလဲဖြစ်ကြပါဘူး။ တကယ်တော့ မျက်နှာမှာ ဝက်ခြံထွက်တာတွေ အဆီပြန်တာတွေက ကိုယ့်ရဲ့ ခေါင်းအုံးစွပ်နဲ့အများကြီး သက်ဆိုင်နေပါတယ်။ ဒါကြောင့် နှစ်ပတ်တစ်ခါလောက်တော့ ပုံမှန်လေးလဲသင့်ပါတယ်။

ကြမ်းတမ်းစွာပွတ်တိုက်ခြင်း 

တစ်ချို့သူတွေက မျက်နှာသစ်ရင် မျက်နှာကိုကြမ်းကြမ်းတမ်းတမ်းနဲ့ ပိုစင်အောင်ဆိုပြီး သစ်ကြပါတယ်။ တကယ်တော့ မျက်နှာအသားအရေဆိုတာ အနူးအညံ့ဆုံးအရေပြားအစိတ်အပိုင်းဖြစ်ပါတယ်။ ဒီအချက်က အဆီထုတ်လုပ်မှုကို ပိုပြီးဖြစ်စေနိုင်စေပါတယ်။ Skin Care လုပ်တယ်ဆိုရင်လည်း ကိုယ့်အသားအရေကို နူးညံ့စွာပွတ်တိုက်ပေးတာက ပိုပြီးထိရောက်ပါတယ်။

မိတ်ကပ်မဖျက်ခြင်း 

ပင်ပန်းတဲ့နေတွေဆိုရင် အိမ်ရောက်တာနဲ့ ဘာမှကိုမလုပ်ချင်တော့ဘူး ဘာမှလုပ်ချင်စိတ်လည်းမရှိဘူးဆိုပြီး မျက်နှာကိုသေချာမသန့်စင်တာမျိုးတို့ မိတ်ကပ်မဖျက်ပဲ အိပ်ရာဝင်တာမျိုးတို့ လုပ်ခြင်းက အဆီဖုလေးတွေကိုထွက်စေတဲ့အပြင် အဆီတွေထွက်လာဖို့လည်း ပိုပြီးတွန်းအားပေးသလို ဖြစ်စေပါတယ်။

Skin Care အလွန်အကြူးလုပ်ခြင်း 

ဘယ်အရာမဆို တန်ဆေးလွန်ဘေးဖြစ်ပါတယ်။ အသားအရေကောင်းချင်တဲ့ စိတ်တစ်ခုနဲ့ ဟိုလူကကောင်းတယ်လိုပြောရင် ဝယ်သုံးလိုက်တာတို့ ဟိုဟာစမ်းသုံးဒီဟာစမ်းသုံးတွေက အသားအရေပျက်စီးဖို့ ပိုလွယ်ကူပါတယ်။ လိုတာထက်ပိုသုံးတာမျိုးမဟုတ်ပဲနဲ့  Skin Care Step လေးတွေကို မှန်ကန်စွာအသုံးပြုပြီးရင်ကို ပြည့်စုံပါတယ်။