မင်္ဂလာပါ… ပျိုမဒီတို့ရေ….. မျက်တောင်ဆက်တာက အခုခေတ် ပျိုမဒီတွေကြားမှာ ခေတ်စားလာတဲ့ အလှပြင်နည်းတစ်ခုပါပဲ။ ကြာရှည်ခံတဲ့ မျက်တောင်ပုံစံကို ပေးစွမ်းနိုင်ပြီး အချိန်တိုင်း လှပတဲ့ မျက်တောင်များ ဖြစ်စေတာကြောင့် မျက်တောင်ဆက်တာကို လွယ်ကူတဲ့ရွေးချယ်မှုတစ်ခုအဖြစ် ရွေးချယ်လာကြပါတယ်။

ပြည့်စုံပြီး အပြစ်ကင်းစင်တဲ့ မျက်ဝန်းလေးကိုပိုင်ဆိုင်ဖို့အတွက် မျက်တောင်ဆက်ပြီးရင်တော့ ဒီအချက်တွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။

ပထမ 4 နာရီအတွင်း ရေရှောင်ပါ

မျက်တောင်ဆက်တဲ့နေရာမှာ အသုံးပြုတဲ့ ကော်ခြောက်သွားဖို့ အချိန် ၄ နာရီလောက်လိုပါတယ်။ အဲ့အချိန်ကာလမှာ ရေထိတာ ရေနွေးငွေထိတာမျိုးတွေက ကော်ကိုအားပျော့စေတာကြောင့် ဆက်ပြီးနောက် ၄ နာရီမှာ ရေထိတာမျိုးကို ရှောင်ပေးပါ။

နေ့တိုင်းသန့်ရှင်းပေးပါ

ဒါက အကောင်းဆုံး အကြံဉာဏ်ပါ။ အညစ်အကြေးများ၊ အဆီများ၊ မိတ်ကပ်များ၊ ဆဲလ်အသေများနဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်ဖို့ မျက်တောင်ကို မျက်တောင်သန့်စင်ဆေးနဲ့ နေ့တိုင်း ဆေးပေးပါ။

အဆီပါတဲ့ အလှကုန်တွေကို ရှောင်ပါ

အလှကုန်မှာပါတဲ့အဆီတွေက မျက်တောင်ထဲကို စိမ့်ဝင်တဲ့အခါ ကော်နဲ့ သဘာဝမျက်တောင်ကြားက ဆက်ထားတာကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မျက်တောင်ကော်က အားပျော့သွားတတ်လို့ပါ။

မှောက်အိပ်တဲ့အကျင့်ကို ရှောင်ပါ

အိပ်တဲ့အခါ မှောက်အိပ်မိရင် မျက်တောင်ကို ထိခိုက်နိုင်တာကြောင့် အကောင်းဆုံးကတော့ ခေါင်းအုံးနဲ့ မျက်တောင်တွေ ပွတ်တိုက်မှုမဖြစ်ရအောင် ပက်လက်အိပ်ပါ။

မျက်တောင်များကိုနေ့တိုင်းဖြီးပေးပါ

မျက်တောင်များကို နေ့တိုင်းဖြီးဖို့ Spoolie Brush အသေးကို သုံးလို့ရပါတယ်။ မနက်တိုင်း မိတ်ကပ်ပုံမှန်လိမ်းပြီး စက္ကန့်အနည်းငယ်လောက် အချိန်ပေးပြီး ဖြီးပေးပါ။

ရေစိုခံမိတ်ကပ်များကို ရှောင်ပါ

ရေစိုခံမိတ်ကပ်တွေကို ပြန်ဖြတ်ဖို့ အဆီအခြေခံတဲ့ Makeup Remover တို့ကို သုံးရတာကြောင့် ဆက်ထားတဲ့မျက်တောင်အတွက်တော့ ဆိုးကျိုးဖြစ်စေပါတယ်။