ယနေ့ခေတ်မှာ တက်တူးထိုးခြင်းအပေါ် အမြင်တွေများစွာ ပြောင်းလဲလာခဲ့ပါပြီ။ တက်တူးရှိရင် တေလေဂျပိုး ၊ လူဆိုးလူမိုက်လို့ သတ်မှတ်ခဲ့ကြပေမယ့်လည်း အခုတော့ တက်တူးကို တော်တော်များများ လက်ခံလာကြပြီး ဖက်ရှင်တစ်ခုအနေနဲ့ပါ ထိုးလာကြတာတွေ့ရပါတယ်။

တက်တူးထိုးမယ်ဆိုရင် မထိုးခင် ဘယ်လိုဒီဇိုင်းမျိုးထိုးမယ်ဆိုတာ သေချာရွေးရသလို ထိုးပြီးချိန်မှာလည်း ကိုယ့်ရဲ့တက်တူးပုံကိုသေချာဂရုစိုက်ဖို့ လိုပါလိမ့်မယ်။

ဒီတစ်ခေါက်မှာတော့ တက်တူးအသစ်ထိုးပြီးနောက် ကိုယ်ထိုးတဲ့တက်တူးပုံကိုဘယ်လိုမျိုး ဂရုစိုက်ပေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) Tattoo Artist ရဲ့ အကြံကိုရယူပါ

Tattoo Artist တစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်တွေမတူကြပေမယ့် အကောင်းဆုံးကတော့ ကိုယ့်ကိုထိုးပေးလိုက်တဲ့ တက်တူးဆရာရဲ့ အကြံပေးချက်ကို ယူတာကောင်းပါတယ်။ တက်တူးထိုးပြီးချိန်မှာ ဘာတွေရှောင်ရမယ် ဘယ်အချက်တွေတော့ လိုက်နာရမယ်ဆိုတာ သေချာမေးမြန်းပါ။

သို့သော် အမှန်တကယ်ကျွမ်းကျင်ပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ Tattoo Artist ကို ရွေးဖို့တော့ လိုပါလိမ့်မယ်။

(၂) တက်တူးကို ညင်သာစွာ ဆေးကြောပါ

တက်တူးထိုးပြီးနောက် ဘက်တီးရီယားဝင်ရောက်မှုမရှိစေရန် တက်တူးပုံကို ပတ်တီးနဲ့ စည်းထားရပါတယ်။ အဆိုပါ ပတ်တီးကို တချို့က ၂၄ နာရီကြာမှဖြည်သလို တချို့ကလည်း ၂ နာရီကနေ ၅ နာရီကြားကြာမှ ဖြည်လေ့ရှိပါတယ်။

ပတ်တီးဖြည်ပြီးချိန်မှာ တက်တူးနေရာကို ဆေးကြောသန့်စင်မယ်ဆိုရင် ရေခပ်နွေးနွေးနဲ့ Antibacterial Soap သို့ အပျော့စားဆပ်ပြာကိုအသုံးပြုပြီး ဖြေးညင်းစွာ ဆေးကြောပေးရမှာဖြစ်ပါတယ်။

(၃) အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ

တက်တူးထိုးတဲ့ နေရာတစ်ဝိုက်ကို ခြောက်သွေ့မသွားပဲ ဆေးရောင်စိုနေစေဖို့ အစိုဓာတ်ထိန်းခရင်မ် Moisturizer လိမ်းပေးရပါမယ်။ Moisturizer လိမ်းတဲ့အခါ အနံ့မပါပဲ သဘာဝပစ္စည်းတွေကိုအခြေခံထားတဲ့ ခရင်မ်မျိုးရွေးချယ်ပြီး ခပ်ပါးပါးလိမ်းပေးပါ။ တစ်ရက်ကို အနည်းဆုံး ၃ ကြိမ်ကနေ ၅ ကြိမ်အထိ လိမ်းပေးနိုင်ပါတယ်။

(၄) သန့်ရှင်းအောင် ဂရုစိုက်ပါ

တက်တူးထိုးထားတဲ့နေရာတစ်ဝိုက်ကို ဖုန်နဲ့အညစ်အကြေးတွေမရှိစေပဲ သန့်ရှင်းအောင်အထူး ဂရုစိုက်ရပါမယ်။ များသောအားဖြင့် တက်တူးထိုးပြီးချိန်မှာ ရေမထိရဘူးလို့ပြောကြတာ ကြားဖူးကြမှာပါ။ တကယ်တော့ ရေချိုးလို့က အဆင်ပြေပါတယ်။ ရေကူးတာ ရေစိမ်တာကဲ့သလို့ ရေထဲမှာအချိန်ကြာကြာ မနေပဲ သန့်ရှင်းခြောက်သွေ့အောင်ထားဖို့ လိုတာဖြစ်ပါတယ်။

နောက်ပြီး နေရောင်တိုက်ရိုက်မထိအောင်လည်း ဂရုစိုက်ဖို့လိုပါတယ်။ နေရောင်က တက်တူးဆေးသားကို အရောင်မှိန်သွားစေတာကြောင့် နေပူထဲသွားတဲ့အခါ နေရောင်တိုက်ရိုက်မထိစေဖို့ အထူးဂရုစိုက်ပါ။

(၅) ကုတ်/ဖဲ့တာမျိုးမလုပ်ပါနဲ့

တက်တူးအနာကျက်လာချိန်မှာ တက်တူးထိုးတဲ့နေရာတစ်ဝိုက်က ယားယံတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုအချိန်မှာ ကုတ်တာ/ဖဲ့တာမျိုးလုံးဝမလုပ်ပါနဲ့။ ဘက်တီးရီးယားပွားတွေဝင်စေပြီး တက်တူးကို ပုံပျက်သွားစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အနာကျက်မြန်စေမယ့် လိမ်းဆေး ခပ်ပါးပါးလိမ်းပေးပါ။