ဒီတစ်ခေါက်မှာတော့ လူအများစုမှာ ရှိတတ်ကြတဲ့ အကျင့်ဆိုးတွေ နေရာမှာ အစားထိုး လုပ်နိုင်မယ့် အရာတွေကို ဖော်ပြပါရစေ။ တစ်ခါတလေ ကျရင် ကိုယ်လုပ်နေတာတွေက အကျင့်ဆိုးတွေမှန်း သိပေမယ့် ဒီနေရာမှာ ဘာလုပ်ရမယ်မှန်း မသိဖြစ်တတ်ကြပါတယ်။

အခုဖော်ပြထားတဲ့ အရာတွေကို အစားထိုးလုပ်မယ်ဆိုရင်တော့ သင့်အတွက် ဘာကောင်းတာ လုပ်ရမလဲ ဆိုတဲ့ မေးခွန်းကိုပါ ဖြေရာ ရောက်ပါတယ်။

ဒီတော့ အစားထိုး လုပ်နိုင်မယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ နိုးတာနဲ့ ဖုန်းကိုင်တတ်တဲ့ အကျင့်

အများစုက မနက်အိပ်ရာ နိုးတာနဲ့ Alarm ကို ပိတ်ပြီး အိပ်ရာထဲ နှပ်တတ်ကြသလို ဖုန်းယူကာ New Feeds ပွတ်တတ်ကြပါတယ်။ ဒီအလေ့အကျင့်က သင့်အတွက် မကောင်းတာကို သင်သိပြီး ဖြစ်မှာပါ။

သင် ဒီလို လုပ်မိတဲ့ အကြောင်းအရင်းကတော့- တခြားသူတွေနဲ့ ဆက်သွယ်ချင်တယ်၊ သင့်တည်ရှိကြောင်းကို ပြချင်တယ်ဆိုတဲ့ အကြောင်းအရင်းပါ။

ဒါအတွက် အစားထိုးနိုင်တာကတော့- နိုးတာနဲ့ Journaling လုပ်ပြီး လက်ဖက်ရည်တစ်ခွက် သောက်တာပါ။

၂။ မနက်စာ မစားတာ

ဝိတ်ကျချင်တဲ့ ပျိုမေအချို့က မနက်စာကို မစားဘဲ ကျော်ပစ်တတ်ကြပါတယ်။ ဒါပေမဲ့ သင့်ကို အလုပ်လုပ်ဖို့ ခွန်အားတွေ ပေးနိုင်တာက မနက်စာပါ။

သင်က တကယ်လို့ မနက်စာ လုံးဝ မစားချင်ဘူးဆိုရင်တောင် ဒီနေရာမှာ အရသာရှိတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးဖျော်ရည် တစ်ခွက် သောက်တာနဲ့ အစားထိုးသင့်ပါတယ်။

၃။ မလိုတဲ့နေရာမှာ ပိုက်ဆံသုံးတာ

တစ်ခါတလေ စိတ်ညစ်တဲ့အခါ ပိုက်ဆံတွေ အများကြီး သုံးမိတတ်ကြပါတယ်။ ဒီလို သုံးတယ်ဆိုတာက ပျော်ချင်လို့ ဖြစ်နိုင်ပါတယ်။ စိတ်ပြေလက်ပျောက် အပန်းဖြေတဲ့အနေနဲ့ သုံးမိတတ်ပါတယ်။

ဒီလို မလိုတဲ့နေရာမှာ ပိုက်ဆံ သုံးတဲ့အကျင့်ကို ဖျောက်နိုင်ဖို့ လုပ်နိုင်မယ့် အကျင့်ကတော့ ကိုယ့်အိမ်မက်ထဲက သွားချင်တဲ့ နေရာတစ်ခုကို သွားဖို့ ပိုက်ဆံစုလိုက်ခြင်းပါ။

၄။ အလုပ်ပြီးတာနဲ့ ဇာတ်လမ်းကြည့်တာ

ဇာတ်လမ်းကြည့်တာက သင့်ကို ကမ္ဘာသစ်တစ်ခုထဲ ရောက်သွားစေနိုင်ပါတယ်။ အာရုံပြောင်းရာ Activity ဆိုလည်း မမှားပါဘူး။ လူအများစုက အလုပ်ပြီးတဲ့အချိန် အပန်းဖြေတဲ့အနေနဲ့ ဇာတ်လမ်းကြည့်တတ်ကြပါတယ်။

တစ်ခါတလေ ကြည့်တာက ကောင်းပေမယ့် အမြဲ ကြည့်နေရင်တော့ အချိန်ကုန်ပါလိမ့်မယ်။ ဒီနေရာမှာ အစားထိုးလုပ်နိုင်တာက မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်လိုက်တာပါ။

၅။ ဗိုက်မဆာဘဲ မုန့်စားတာ

အလုပ်မလုပ်ချင်လို့ သားရေစာ စားချင်တာ ဖြစ်နိုင်သလို၊ ပျင်းလို့ ငြီးငွေ့လို့ စားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အသင့်စား အစားအသောက်တွေက ကျန်းမာရေးအတွက် မကောင်းပါဘူး။

ဒီအကျင့်ဆိုးကို အစားထိုး ပြင်နိုင်မယ့် အရာကတော့ ၅ မိနစ်ခန့် တရားထိုင်တာပါ။

Photo Source: Pinterest

By MyStyle Myanmar