စာလုပ်ပြီဆိုတာနဲ့ စာအုပ်ကိုင်လိုက်တာနဲ့ အိပ်ချင်နေတဲ့သူတွေရှိကြလား? စာလေးနည်းနည်းလုပ်ပြီးတာနဲ့ ဆက်မလုပ်နိုင်တော့ပဲ အိပ်ချင်လာတဲ့သူတွေကောရှိလား? ရှိတယ်ဆိုရင်တော့ စာလုပ်နေတဲ့အချိန်မှာ လုံးဝမအိပ်ချင်ပဲ စာမြန်မြန်ရအောင် သင့်ကို ဒီအချက်တွေက ကူညီပေးပါလိမ့်မယ်။

အလင်းရောင်ကောင်းတဲ့နေရာမှာစာလုပ်ပါ။

မနက်၊ နေ့လည်၊ ည ဘယ်အချိန်ပဲ စာလုပ်လုပ် အလင်းရောင်ကောင်းကောင်းရပြီး လင်းထိန်နေတဲ့ နေရာမှာပဲ စာလုပ်ပါ။ အလင်းရောင်ကောင်းကောင်းမရပဲ အလင်းရောင်မှိန်နေရင် စာလုပ်ရင်းနဲ့ အိပ်ချင်လာပါလိမ့်မယ်။

ထိုင်ခုံမှာစာလုပ်ပါ။ အိပ်ယာထဲမှာစာမလုပ်ပါနဲ့။

စာကြည့်စားပွဲနဲ့ ထိုင်ခုံမှာ သေချာကျကျနနထိုင်ပြီး စာလုပ်ပါ။ ကြမ်းပြင်မှာ စားပွဲခုံလေးချပြီး စာထိုင်လုပ်တာက ပျင်းလာရင် လှဲမိသွားမယ်နော်။ အရေးအကြီးဆုံးကတော့ အိပ်ယာပေါ်မှာ လုံးဝလုံးဝမလုပ်ပါနဲ့။ အိပ်ယာပေါ်မှာ စာလုပ်ရင် စိတ်ဝင်စားမှုလည်းမရှိသလို၊ အိပ်ငိုက်လာရင်လည်း အလွယ်တကူအိပ်မိသွားပါလိမ့်မယ်။

စောစောအိပ်ပြီး စောစောထပါ။

ညကို ပုံမှန်စောစောအိပ်ပြီး စာစောစောထလုပ်တာက စာလည်းပိုရသလို၊ ဉာဏ်လည်းထက်ပါတယ်။ ညဘက်နောက်ကျမှအိပ်ရင် ဦးနှောက်ထဲ စာသိပ်မဝင်သလို၊ လန်းလန်းဆန်းဆန်းလည်းမရှိပါဘူး။

စာကိုအော်ကျက်ပါ။

စာကို စိတ်ထဲကကျက်တာမျိုး၊ အသံတိတ်ကျက်တာမျိုးမလုပ်ပဲ ငယ်ငယ်တုန်းကလို စာအော်ကျက်ပါ။ စာအော်ကျက်တာက စိတ်ကို တက်ကြွလန်းဆန်းစေသလို၊ စာလည်းပိုရပါတယ်။ စိတ်ထဲကကျက်နေမယ်၊ အသံတိတ်ကျက်နေမယ်ဆိုရင် အိပ်ချင်လာရင် အိပ်ပျော်သွားမယ်နော်။

ရေးကျက်ပါ။

လူကြီးတွေ၊ ဆရာ၊ ဆရာမတွေလည်း ပြောနေကျပါပဲ။ စာကို ရေးကျက်တာက ပိုမှတ်မိပါတယ်။ ရေးကျက်ရင် စာလည်းဦးနှောက်ထဲဝင်ပြီး မှတ်မိသလို စာလုံးပေါင်းလည်း တစ်ခါထဲရပြီးသားဖြစ်တာပေါ့။

List ထုတ်ပြီးကျက်မှတ်ပါ

စာကြောင်းတစ်ကြောင်းထဲက အရေးကြီးတဲ့အချက်လေးတွေကို List ထုတ်ပြီး ကျက်မှတ်မယ်ဆိုရင် မှတ်မိလွယ်ပြီး ခဏလေးနဲ့ စာရပါတယ်။

ညဘက်မှာခက်တဲ့စာတွေမလုပ်ပါနဲ့။

ညဘက်ရောက်လာပြီဆိုရင် တွက်စာနဲ့ လွယ်တဲ့ကျက်စာလေးတွေပဲလုပ်ပါ။ ခက်တဲ့စာတွေကို ညဘက်မှာကျက်မယ်ဆိုရင် စာမရလေစိတ်မပါလေဖြစ်ပြီး ဆက်မလုပ်ချင်တော့ပဲ နေပါလိမ့်မယ်။

အသားနဲ့ Snacks တွေရှောင်ပါ

စာမလုပ်ခင်မှာ အသားတွေအရမ်းစားတာမျိုး၊ Snack တွေစားတာမျိုး၊ အီစိမ့်တဲ့အစားအစာတွေစားတာမျိုးကို ရှောင်ပါ။ ဒါတွေစားပြီးစာလုပ်ရင် မအီမလည်ဖြစ်ပြီး ခဏလေးနဲ့ အိပ်ချင်လာပါလိမ့်မယ်။

ရေများများသောက်ပါ။

စာလုပ်နေတဲ့အချိန် ရေဘူးကိုယူထားပါ။ ရေများများသောက်ပါ။ စာလုပ်နေတဲ့အချိန်၊ စာကျက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်။

အချဉ်စားပါ (သို့) ကော်ဖီသောက်ပါ။

အချဉ်တွေဆောင်ထားပါ။ အချဉ်စားပေးရင် အိပ်ချင်စိတ်လည်း ပြေစေသလို၊ ခံတွင်းလည်းရှင်းစေလို့ စာလုပ်နေတဲ့အချိန်မှာ အထောက်အကူဖြစ်စေပါတယ်။ အချဉ်မစားချင်ရင် ကော်ဖီသောက်လို့လည်း ရပါတယ်။

သွေးပူလေ့ကျင့်ခန်းလုပ်ပါ။

စာမလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းလုပ်ပေးရင် ခန္ဓာကိုယ်ပေါ့ပါးပြီး တက်ကြွလန်းဆန်းစေပါတယ်။ ထိုင်းမှိုင်းတာမျိုးလည်း မဖြစ်ဘူးပေါ့။ စာလုပ်နေရင်းနဲ့ နည်းနည်းလေးအိပ်ချင်လာပြီဆိုလည်း သွေးပူလေ့ကျင့်ခန်းထလုပ်လိုက်ရင် အိပ်ချင်စိတ်ပြေပြီး လန်းဆန်းသွားမှာပါ။