ယနေ့ခေတ်အတွက် အင်္ဂလိပ်ဘာသာစကားက အရမ်းကိုအရေးပါလာတဲ့ အရာတစ်ခုဖြစ်လာပါပြီ။ပညာရေးအတွက်သာမက အလုပ်အကိုင်အခွင့်အလမ်းများ ပေါင်းသင်းဆက်ဆံရေး စတဲ့အရာအားလုံးအတွက်ပါ အင်္ဂလိပ်ဘာသာစကားရဲ့ အသုံးဝင်မှုက အရေးပါလာပါတယ်။

အင်္ဂလိပ်ဘာသာစကားကို ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတစ်ခုအဖြစ် စံထားကာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့အတွက် ကိုယ့်အနေနဲ့ တတ်ကိုတတ်မြောက်ထားသင့်တဲ့ ဘာသာစကား တစ်ခုဖြစ်ပါတယ်။

(၁) သီချင်းတွေနားထောင်ပြီး လေ့လာမယ်

Source : Sweety High

အင်္ဂလိပ်ဘာသာစကားကို နိုင်ငံခြားသီချင်းတွေ နားထောင်ပြီး လေ့လာခြင်းကလည်း အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ သီချင်းကနေလေ့လာတာဟာ အစပိုင်းမှာတော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်နားထောင်ပါ များလာတဲ့အခါမှာတော့ အဆင်ပြေသထက်ပြေလာပြီး နားလည်သဘောပေါက်လာပါလိမ့်မယ်။ သီချင်းတွေရဲ့ Lyrics ကိုကြည့်ပြီးနားထောင်ရင် ပိုပြီးကောင်းပါတယ်။ တစ်ရက်ကို ပုံမှန်တစ်ပုဒ်နှစ်ပုဒ် စသည့်ဖြင့် အချိန်ရရင်ရသလိုနားထောင်ပေးပါက မကြာခင် အချိန်အတွင်းမှာ တိုးတက်လာတဲ့ကိုယ့်ရဲ့ Listening Skill ကို အံ့သြဖွယ်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

(၂) ရုပ်ရှင်တွေကြည့်ပြီး လေ့လာမယ်

Source : finance.yahoo.com

နိုင်ငံခြားရုပ်ရှင်တွေ များများကြည့်မယ်ဆိုရင် နိုင်ငံခြားသား Native Speaker တွေရဲ့ လေယူလေသိမ်း ၊ အသံအတက်အကျတွေကို လေ့လာသိရှိနိုင်မယ့်အပြင် လက်တွေ့အပြင်မှာပါ နိုင်ငံခြားသားတစ်ဦးနဲ့ စကားပြောတဲ့အခါသူပြောတဲ့ စကားသံက ကိုယ့်နားထဲမှာ လုံးဝအစိမ်းသက်သက် ဖြစ်နေမှာမဟုတ်တော့ပါဘူး။ ဒါအပြင် အခြေခံကျတဲ့ နှုတ်ဆက်စကားတွေ(Greeting) ၊ နေ့စဉ်သုံးစကားတွေ( Daily Phrase)တွေကို ကောင်းကောင်းသိရှိနိုင်မှာ ဖြစ်ပါတယ်။

(၃) ဝါသနာကနေတစ်ဆင့်လေ့လာမယ်

Source : Angelfish Opinions

ကိုယ်က ဘာဝါသနာပါလဲ ကိုယ့်ကိုယ်ကိုအရင်မေးကြည့်ပါ။ ဥပမာကိုယ်က ကားတွေအကြောင်း လေ့လာရတာ ဝါသနာပါတယ်ဆိုရင် Google (သို့) Youtube ကနေ ကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖတ်ပါ ရှာနားထောင်ကြည့်ပါ။ အင်္ဂလိပ်လို ရေးသားပြောဆိုနေတာတွေ ဖြစ်ပေမယ့် ကိုယ့်ဝါသနာပါတဲ့ အရာတွေဖြစ်တာကြောင့် မသိသိအောင်ကြိုးစားပြီး သာဘာပြန်ဖတ်ရှု့လေ့လာတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝါသနာပါတဲ့အရာ စိတ်ဝင်စားတဲ့ အရာတွေမှန်သမျှ Google ခေါက်ပြီး ရှာဖတ်ကြည့်ပါ။

(၄) စာအုပ်တွေဖတ်ပြီး လေ့လာမယ်

Source : pinterest.com

ကိုယ်ကအခုမှ အင်္ဂလိပ်စာစတင်လေ့လာနေသူ တစ်ယောက်ဆိုရင် သတင်းစာတွေမှာပါတတ်တဲ့ အင်္ဂလိပ်စာပုဒ်အတိုလေးတွေ ၊ အင်္ဂလိပ်လိုရေးတဲ့စာအုပ်တွေကို ရသလောက်ကြိုးစားပြီး ဖတ်ကြည့်ပါ။ မသိတဲ့စာလုံးပေါင်းတွေကို Dictionary ကနေ ဘာသာပြန်ကြည့်လို့ရပါတယ်။ စာအုပ်ဆိုရင်လည်း ကလေးတွေအတွက် ထုတ်ထားတဲ့ ပုံပြင်စာအုပ်လေးတွေ ၊ ဇာတ်လမ်းတိုလေးတွေကနေ စဖတ်သင့်ပါတယ်။ အဓိက စိတ်ပျက်ပြီး အားမလျော့လိုက်ဖို့ပါပဲ။