အိတ်ဆိုတာ မိန်းကလေးတွေအတွက် အပြင်သွားတဲ့အခါ မပါမဖြစ်အရေးပါတဲ့ အရာတစ်ခုပါဘဲနော်။ ပိုက်ဆံအိတ်၊ သော့၊ အလှပြင်ပစ္စည်း၊ ဘီး၊ မှန်နဲ့ တခြား တိုလီမုတ်စလေးတွေ ထည့်ဖို့ကလည်း လိုသေးတာကိုး။ အိတ်လို့ ပြောလိုက်ရင်လည်း တစ်မျိုးတည်းနဲ့တော့ မပြီးဆုံးပါဘူး။ Back Pack, Shoulder Bag, Sling Bag, Cross Body Bag, Tote Bag စသဖြင့် အမျိုးမျိုးရှိတာမို့ မိန်းကလေးတိုင်းမှာ အိတ်က တစ်လုံးမက ရှိကြပါတယ်။ ဒီလိုအိတ်တွေကို အိမ်မှာသိမ်းတဲ့အခါ တခါတလေ သေချာသိမ်းထားရဲ့သားနဲ့ ပျက်စီးနေတာ မျိုးတွေ ဖြစ်တတ်ပါတယ်နော်။ တန်ဖိုးကြီးအိတ်တွေ သိမ်းထားရင်းနဲ့ပျက်စီးသွားရင် တကယ်နှမြောစရာတွေပါ။ ဒါကြောင့် အိတ်လေးတွေသိမ်းတဲ့အခါ မပျက်မစီးဘဲ ကြာရှည်ခံအောင်လို့ သေချာသိမ်းနိုင်မယ့် နည်းလမ်း လေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

အိတ်ကို မသိမ်းခင် သန့်ရှင်းရေးလုပ်ပေးပါ

အပြင်ကပြန်လာတဲ့အခါ အိတ်ထဲကပစ္စည်းတွေထုတ်ပြီး သိမ်းရုံနဲ့ မလုံလောက်ပါဘူးနော်။ အိတ်မှာ ဖုန်တွေ သဲတွေ လက်အဆီတွေနဲ့ပေးနေတတ်တာမလို့ သိမ်းခါနီးတိုင်းမှာ Alcohol Free ဒါမှမဟုတ် Fragrance မပါတဲ့ Baby Wipes လေးတွေနဲ့ သုတ်ပေးပါ။ သိမ်းတဲ့အခါမှာလည်း အိတ်အပြင်သာမက အထဲကိုလည်း သန့်ရှင်းပေးဖို့ မမေ့ပါနဲ့နော်။

ဘူးတွေနဲ့မထားပါနဲ့

တန်ဖိုးကြီးအိတ်တွေကို သိမ်းတဲ့အခါ အတော်များများက လေလုံတဲ့အိတ်တွေ ဘူးတွေနဲ့ ထည့်သိမ်းတတ်ပါတယ်။ ဒီလိုသိမ်းတာက အချိန်ကြာလာတာနဲ့အမျှ အိတ်ကို ပျက်စီး စေနိုင်ပါတယ်။ တကယ်တော့ အိတ်တွေကို ဘူးနဲ့သိမ်းတာထက်စာရင် တံခါး သို့မဟုတ် စင်အနောက်မှာ ဒီအတိုင်းချိတ်ထားတာက ပိုကောင်းပါတယ်။

စင်နဲ့ထားပါ

လူတော်တော်များများက အိတ်တွေကို ဗီရိုရဲ့အပေါ်ဆုံးမှာ သိမ်းထားတတ်ကြပါတယ်။ ထားတဲ့နေရာကျဥ်းတဲ့အခါ အိတ်တွေကို ထိုးထည့်မိတတ်ကြပါတယ်၊၊ ဒီလိုထားတာက အိတ်တွေရဲ့ပုံစံကို ပျက်စေပါတယ်။ ဒါကြောင့် အိတ်တွေသိမ်းဖို့ အကောင်းဆုံးနည်းလမ်းက စင်နဲ့ထားတာပါ။ ထားတဲ့အခါ တစ်လုံးနဲ့တစ်လုံး မထိအောင်ထားပေးပါ။

အိတ်ပုံမပျက်အောင် အဆာထည့်ထားပါ

အိတ်ထဲမှာပစ္စည်းမရှိတောဘဲ အိတ်တွေသိမ်းတဲ့အခါ တချို့အိတဲ့အသားနဲ့လုပ်ထားတဲ့အိတ်တွေက ပျော့ကျနေတာမျိုး ခေါက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့အတိုင်း ကြာကြာထားလိုက်ရင် အိတ်ပုံစံကို ပျက်စီးနိုင်တာမလို့ အိတ်သိမ်းတဲ့အခါ အိတ်ရဲ့အထဲကို ဝယ်တုန်းကပါလာတဲ့ပစ္စည်းလေးတွေ ထည့်ထားလိုက်ပါ။ ဒါဆို စင်ပေါ်မှာ ပုံစံ မပျက်သိမ်းလို့ ရပါပြီ။

နေရောင်နဲ့စိုစွတ်တဲ့နေရာကိုရှောင်ပါ

အိတ်တွေသိမ်းတဲ့အခါ အိတ်တွေကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို ရှောင်ပါ။ နေရောင်က အိတ်ရဲ့အရောင်တွေကို ကျစေပြီး Leather အိတ်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် အိတ်တွေသိမ်းတဲ့အခါ နေရောင်တိုက်ရိုက်ကျတဲ့ နေရာထက် မှောင်ပြီး ခြောက်သွေ့တဲ့နေရာကို ရွေးချယ်သင့်ပါတယ်။ သားရေအိတ်တွေကို အစိုဓာတ်ရှိတဲ့နေရာမှာ ထားရင် အစိုဓာတ်က မှိုဖြစ်စေတာကြောင့် လုံလောက်တဲ့ လေဝင်လေထွက် ရှိဖို့လည်း အရေးကြီးပါတယ်။