သင့်မျက်နှာဟာ သင်တစ်ကိုယ်လုံးမှာ ဗိုင်းရပ်စ်ကူးစက်ဖို့ အလွယ်ဆုံးနေရာ ဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC ကတော့ အခုဖြစ်နေတဲ့ SARS-CoV-2 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ လူအချင်းချင်းထိတွေ့ရာကနေ ကူးစက်တာလို့ အတည်ပြုထားပါတယ်။

COVID-19 ကူးစက်တဲ့နည်းနှစ်ခုရှိပြီး ဗိုင်းရပ်စ်ရှိသူဆီက နှာချေ/ချောင်းဆိုးရာကနေ ထွက်လာတဲ့ အရည်တွေကို ရှုမိလို့ ဖြစ်စေ ဗိုင်းရပ်စ်ပိုး ရှိနေတဲ့ မျက်နှာပြင်ကို လက်နဲ့ ကိုင်မိရာကနေ နှာခေါင်း ၊ ပါးစပ်ကို အဲဒီလက်နဲ့ ပွတ်ရင်းနဲ့ ဖြစ်စေ ကူးသွားတာမျိုး ဖြစ်နိုင်ပါတယ်။

Photo : Samayam Tamil

လူတွေဟာ တစ်နေ့ကို သူတို့မျက်နှာကို အကြိမ်ရေ ရာနဲ့ချီပြီး ပွတ်မိတတ်ပါတယ်။ ၂၀၁၅ ခုနှစ်က ဩစတြေးလျ ဆေးတက္ကသိုလ်ကျောင်းသား ၂၆ ဦးကို Video Tape Recording ရိုက်ကူးလေ့လာချက်အရ ဒီကျောင်းသားတွေဟာ တစ်နာရီကို ပျမ်းမျှ ၂၃ ကြိမ်လောက်က မျက်နှာကို လက်နဲ့ ပွတ်မိနေတယ်လို့ ဆိုပါတယ်။

မျက်နှာပွတ်မိတဲ့ အကြိမ်ရေရဲ့ ထက်ဝက်နီးပါးဟာ ပါးစပ် နှာခေါင်းနဲ့ မျက်လုံးတွေဖြစ်ပြီး အဲဒီနေရာတွေဟာ ဗိုင်းရပ်စ်ဝင်ပေါက်သဖွယ်ဖြစ်နေပြီး ရောဂါကူးဖို့ အလားအလာ အများဆုံး ဖြစ်နေပါတယ်။ မျက်နှာ လက်နဲ့ ပွတ်တတ်သူတွေအတွက် လက်ဆေးခြင်းက အခရာကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။

လက်နဲ့ မျက်နှာပွတ်တာဟာ အလေ့အထလိုဖြစ်နေပြီး အကျင့်နဲ့ ဖျောက်လို့ရပါတယ်။ မျက်နှာကို လက်နဲ့ ထိခါနီးတိုင်း သတိထားပြီးရှောင်ရှားရမှာပါ။ မနေနိုင်လို့ မျက်နှာကို လက်နဲ့ ပွတ်ရမယ်ဆိုရင်လည်း လက်ဆေးပြီးဖြစ်စေ Hand Sanitizer သုံးပြီးမှဖြစ်စေ ကိုင်ဖို့လိုပါတယ်။

Photo : TheHour

ပညာရှင်တစ်ချို့ကတော့ လက်အိတ်စွပ်ထားခြင်းကလည်း မျက်နှာကို လက်နဲ့ မကြာမကြာ ပွတ်သပ်တဲ့ အကျင့်ကို ဖျောက်ဖျက်ရာမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အပြင်ထွက်ချိန်မှာ လက်အိတ်စွပ်ပြီး ကိုယ်သွားချင်တဲ့ နေရာရောက်မှ လက်အိတ်ကို ချွတ်ပစ်ဖို့ အနောက်မြောက်ပိုင်း ဟန့်တ်လေဆေးရုံက ဆေးကုသရေး စိတ်ပညာရှင် ဇာချရီ ဆီကိုရာက ဆိုပါတယ်။

COVID-19 ကူးစက်မှုကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လက်ကို မျက်နှာနဲ့မထိအောင် ရှောင်တာအပြင် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အကျင့်ပုံမှန်လုပ်ခြင်း ၊ လူစု လူဝေးရှောင်ပြီး အိမ်မှာနေထိုင်ခြင်းများ လုပ်‌ဆောင်သင့်ပါတယ်။