ခန္ဓာကိုယ် အနံ့ပြင်းတဲ့ ပျိုမေတို့အနေနဲ့ ဒီအရာအတွက် အားငယ်နေစရာ မလိုပါဘူး။ သင်က ဖြစ်ရခြင်း ပြဿနာ အကြောင်းအရင်းကို သိရင် ဒါကို ပြန်ပြင်နိုင်ပါတယ်။ ခန္ဓာကိုယ် အနံ့ပြင်းခြင်း၊ ဂျိုင်းနံ့ပြင်းခြင်း စတဲ့ အရာတွေက အစားအသောက်၊ ဟော်မုန်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု မမှန်တာ စတာတွေ ကြောင့် အနံ့ပြင်းနိုင်ပါတယ်။ ဒီအနံ့ပြင်းခြင်းကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ သင်က ဂျိုင်းနံ့ပြင်းလို့၊ ခန္ဓာကိုယ် အနံ့ပြင်းလို့ ဘယ်လိုဖြေရှင်းရမလဲ သိချင်ရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ ညဘက်ပဲ ရေချိုးပါ

သင်က ညဘက်ကို ရေမချိုးတတ်သူ ဆိုရင် ဒါကို ပြင်သင့်ပါတယ်။ ချွေးနံ့ပြင်းသူတွေ အနေနဲ့ ညဘက်မှာ ရေချိုးသင့်ပါတယ်။ ညဘက် မှာ ချွေးထွက်မယ်ဆိုရင် ချွေးနဲ့ အဆီတွေ ထွက်လာမှာမို့ ရေချိုးပေးသင့်ပါတယ်။ သင်က တစ်ညလုံး ချွေးထွက်တတ်တယ်ဆိုရင်တော့ မနက်ကျမှ ရေချိုးပေးနိုင်ပါတယ်။

၂။ အနံ့တစ်မျိုးတည်း ထားပါ

ချွေးနံ့ပြင်းသူတွေအတွက် အနံ့မွှေးမွှေးလေးကို အမြဲ ပိုင်ဆိုင်နိုင်စေဖို့ ဆပ်ပြာ၊ ရေမွှေး၊ လိုးရှင်း၊ ရေချိုးဆပ်ပြာ စတာတွေကို ဖြစ်နိုင်ရင် အနံ့တစ်မျိုး တည်း သုံးပေးသင့်ပါတယ်။

၃။ Body Spray

Body Spray ကလည်း ချွေးနံ့ပြင်းသူတွေအတွက် အဖော်မွန်ပါပဲ။ Body Spray မဖြစ်မနေ ဖြန်းပေးသင့်တဲ့ နေရာတွေကတော့ လက်ကောက်ဝတ်၊ လည်ပင်းနဲ့ ခန္ဓာကိုယ် တစ်ခုလုံးပါပဲ။

၄။ Deodorant

သင်က Body Spray စွတ်ပြီးပြီဆိုရင် ဒါက မလုံလောက်သေးပါဘူး။ ချွေးနံ့ပျောက်ဆေး Deodorant တွေကိုလည်း အပေါ်က တစ်ထပ် အနေနဲ့ သုံးပေးသင့်ပါတယ်။ ဒီလိုမှ ချွေးနံ့ပြင်းတာ သက်သာလာမှာပါ။

၅။ ဘတ်တီးရီးယားတွေကို ဖယ်ရှားဖို့

သင်က ဂျိုင်းနံ့ပြင်းတတ်သူဆိုရင်တော့ ဒါက ဂျိုင်းမှာ ဘတ်တီးရီးယား များနေလို့ပါ။ ဘတ်တီးရီးယား နည်းစေဖို့အတွက် ဂျိုင်းကို အရက်ပြန်သုတ်ပေးတာ ဒါမှမဟုတ် ပန်းသီးရှာလကာရည်နဲ့ ပွတ်ပေးတာမျိုး လုပ်သင့်ပါတယ်။

၆။ ခံတွင်းနံ့ကောင်းဖို့

တစ်ကိုယ်လုံးစာ အနံ့မွှေးဖို့ ခံတွင်းသန့်ရှင်းရေးကလည်း အရေးပါပါတယ်။ သွားတိုက်တိုင်း လျှာကို သွားတိုက်တံနဲ့ ပွတ်ပေးသင့်ပါတယ်။ အနံ့ပြင်းတဲ့ အစားအသောက်တွေ စားမှ အနံ့သက်သာဖို့ ပီကယ်စားပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar