အချစ်ရေးနဲ့ပတ်သက်ပြီး overthinking ဖြစ်လွန်းရင် ကိုယ်တိုင်ပဲ စိတ်ညစ်ပြီး ပူလောင်ရပါတယ်။ ဒါကြောင့် အချစ်ရေးနဲ့ပတ်သက်ရင် အမြဲတမ်း Overthinking ဖြစ်နေတာကို ရပ်တန့်နိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ့်ချစ်သူကိုယုံကြည်ပါ

ကိုယ့်ချစ်သူကို မယုံကြည်ရင်တော့ တစ်ချိန်လုံး သံသယစိတ်တွေများပြီး အတွေးတွေလွန် overthinking ဖြစ်နေမှာပါပဲ။ ကိုယ့်ချစ်သူကို ယုံကြည်ပေးလိုက်မယ်ဆိုရင်၊ ယုံကြည်မှုထားလိုက်မယ်ဆိုရင်တော့ overthinking ဖြစ်တာတွေ လျော့သွားပါလိမ့်မယ်။ တစ်ခုခုတွေးမိရင်တောင် သူကတော့ ဒီလိုမလုပ်ဘူး၊ ဒီလိုလူမျိုးမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ပြီးသွားပါလိမ့်မယ်။

ထုတ်ပြောပြီးရှင်းပါ

တစ်ခုခုကို စိတ်ထဲမှာခံစားနေရပြီဆိုရင် တစ်ယောက်ထဲလျှောက်တွေးနေမယ့်အစား ထုတ်ပြောလိုက်ပါ။ ထုတ်မေးလိုက်ပါ။ ပြီးရင် နှစ်ယောက်ပွင့်ပွင့်လင်းလင်းသာ ရှင်းလိုက်ပါ။ ဒါဆိုရင် တစ်ယောက်ထဲ ထင်ချင်ရာထင်ပြီး overthinking တွေဖြစ်နေစရာ၊ တွေးနေစရာလည်း မလိုတော့ပါဘူး။

အတွေးမလွန်အောင်ထိန်းပါ

အရင်လို overthinking ဖြစ်လာပြီဆိုရင် စိတ်အလိုမလိုက်ပဲ ကိုယ့်ကိုယ်ကို အတွေးမလွန်အောင် ထိန်းချုပ်ပါ။ ရင်ဖွင့်တာမျိုး၊ အကြံဉာဏ်တောင်းတာမျိုးလည်း လုပ်လို့ရပါတယ်။ စိတ်အလိုလိုက်ပြီးသာ တွေးနေမယ်ဆိုရင်တော့ ကိုယ်ပဲပင်ပန်းရပါတယ်။

အရမ်းမအားအောင်နေပါ

Overthinking ဖြစ်တဲ့သူတွေက အားတာနဲ့ လျှောက်တွေးနေတတ်ပါတယ်။ ဒါကြောင့် ရပ်တန့်ချင်တယ်ဆိုရင် အရမ်းမအားအောင်နေပါ။ စိတ်တည်ငြိမ်စေမယ့်အရာတွေ၊ အာရုံစူးစိုက်ရမယ့်အရာတွေကို များများလုပ်ပေးပါ။ တစ်ခုခုကိုတွေးမိတာနဲ့ အလုပ်ထလုပ်လိုက်တာမျိုး၊ စိတ်ပြေလက်ပျောက်ပြေးတာ၊ အားကစားလုပ်တာ၊ ယောဂကျင့်တာမျိုးတွေ လုပ်ပေးပါ။

ချစ်သူနဲ့ပျော်စရာအချိန်တွေများများဖန်တီးပါ

ကိုယ့်ချစ်သူအပေါ်မှာ အတွေးတွေလွန်နေပြီး overthinking ဖြစ်နေရင် ချစ်သူနဲ့ ခဏခဏတွေ့ပြီး ပျော်စရာအချိန်တွေ များများဖန်တီးပေးပါ။ ဒါဆိုရင်တော့ စိတ်ချမ်းသာပျော်ရွှင်နေပြီး overthinking ဖြစ်တာလည်း တစ်ဖြေးဖြေးနဲ့လျော့လာပါလိမ့်မယ်။