တစ်ချို့စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဒေါသတွေနဲ့ရန်ဖြစ်လိုက် ပြီးရင် နာရီအနည်းငယ် ရက်အနည်းငယ်ကြာသွားရင် အချစ်တွေအပြည့်နဲ့ ပြန်ချစ်လိုက် ၊ ပြီးရင် ရန်ပြန်ဖြစ်လိုက်နဲ့  မပြီးနိုင်တော့တဲ့ ငြင်းခုံမှုတွေနဲ့ အမြဲသံသရာလည်နေတတ်ကြပါတယ်။

သင်လည်း သင့်လက်တွဲဖော်နဲ့ တစ်ချိန်လုံး ရန်ဖြစ်နေရပြီဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားမှုကို ရှောင်ရှားနိုင်ဖို့ သင်ယူသင့်နေပါပြီ။

အချိန်ယူပါ

လူက စိတ်ခံစားချက်မြင့်နေတဲ့အချိန်ဆို ဘာမှဆွေးနွေးလို့မရတာ သဘာဝပါ။ တစ်ယောက်နဲ့တစ်ယောက် ဒေါသထွက်တဲ့အခါ နှစ်ယောက်စလုံးက ထိခိုက်စေတဲ့စကားတွေ ပြောတတ်ကြပါတယ်။ ဒါကြောင့်  နှစ်ယောက်စလုံး ငြိမ်သက်သွားတဲ့အခါကျမှ အသက်ပြင်းပြင်းရှူပြီး အကြောင်းအရာကို ဖြေရှင်းဖို့ အချိန်ယူပြီး ဖြေရှင်းသင့်ပါတယ်။

အမြဲမှန်တယ်လို့မတွေးပါနဲ့

လက်တွဲဖော်နဲ့ ငြင်းခုံတဲ့အခါ အောင်နိုင်သူ မရှိပါဘူး ။ Relationship တစ်ခုမှာ အတိုက်အခိုက် တွေကို ရပ်တန့်ချင်ဆိရင်တော့ အမြဲမှန်ချင်တဲ့ဆန္ဒကို စွန့်လွှတ်ဖို့ လိုအပ်ပါတယ်။ ပြဿနာအတွက် အပေးအယူလုပ်ပြီး ညှိနှိုင်းနိုင်မှသာ နှစ်ဦးစလုံး အနိုင်ရမှာပါ။

နားထောင်သူဖြစ်အောင် ကြိုးစားပါ

လက်တွဲဖော်က သူ့အတွက် အရေးကြီးတဲ့အရာတစ်ခုအကြောင်း ပြောပြရင် စိတ်ဝင်တစားနဲ့ သေချာနားထောင်ပေးတာက သူတို့ပြောနေတာကို တန်ဖိုးထားတဲ့အတွက် ရန်ပွဲတွေကို တားဆီးနိုင်ရုံသာမက Relationship တစ်ခုရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။

စကားမပြောခင် ခဏရပ်ပါ

နှစ်ယောက် အဆက်မပြတ် ရန်ဖြစ်နေချိန်မှာ ခံနိုင်ရည်ရှိဖို့ ခက်ခဲပါတယ်။ ရန်ဖြစ်နေတဲ့အခိုက်အတန့်မှာ ကြမ်းတမ်းပြီး နာကျင်စေတဲ့အရာတွေကို ပြောတာဟာ နောက်ပိုင်းမှာ နောင်တရဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တခုခုပြောတော့မယ်ဆို အရင်ဆုံး စိတ်ထဲကနေ စကားမပြောခင် ၁ ၂ ၃ ဆိုပြီး ရေတွက်လိုက်ပါ။

ကိုယ်ချင်းစာတတ်အောင် ကြိုးစားပါ

တစ်ခါတစ်လေ သင့်လက်တွဲဖော်ရဲ့အပြုအမူက ကျိုးကြောင်းဆီလျော်မှုမရှိဟု ခံစားရတတ်ပါတယ်။ Relationship တစ်ခုမှာ ရန်ဖြစ်တာကို ရပ်တန့်နိုင်မယ့်နည်းကို သင်ယူနေချိန်မှာ  ကောင်းတဲ့ နည်းဗျူဟာတစ်ခုက သင့်လက်တွဲဖော်ရဲ့အမြင်ကို နားလည်အောင် ကြိုးစားတာပါ။ သူတို့ဘာကြောင့် ခံစားရသလဲ ဆိုတာကို နားလည်အောင်ကြိုးစားပါ။