သင်ဟာ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကြောက်ပြီး တစ်ကိုယ်တည်း တသီးတသန့် နေတက်တဲ့ Introvert တစ်ယောက်လား။ Introvert ဖြစ်တယ်ဆိုတာ အားနည်းချက်တစ်ခု မဟုတ်ပါဘူး။

သို့သော်တစ်ချိန်မှာ လူတွေနဲ့မဖြစ်မနေ ထိတွေ့ဆက်ဆံဖို့လိုလာတဲ့အခါ ၊ အလုပ်အကိုင် လိုအပ်ချက်တွေအရ လူတွေရှေ့ထွက်ရတဲ့အခါမျိုးမှာ အခက်အခဲမဖြစ်စေဖို့ ပြုပြင်ပြောင်းလဲလို့ရနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) တစ်ကိုယ်တည်း အချိန်မကုန်ဆုံးပါနဲ့

Introvert တွေဟာ အချိန်တော်တော်များများကို တစ်ကိုယ်တည်း တသီးတသန့်နေတတ်ကြတာ များပါတယ်။ တကယ်တော့ လူတွေကြားထဲဝင်ဆန့်ဖို့ဆိုတာ လူတွေနဲ့များများ ထိတွေ့ဆက်ဆံပေးရမှာပါ။ ဒါကြောင့် အားလပ်ချိန်တွေမှာ အမြဲတမ်းတစ်ယောက်တည်းဖြတ်သန်းတာထက် မိသားစုဝင်တွေ ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်များများ ပိုကုန်ဆုံးသင့်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ

လူစိမ်းတွေနဲ့ စကားပြောဆိုဖို့ ဆိုတာ သာမာန်လူတွေအတွက်တောင် အခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ပြောလေ့ပြောထရှိဖို့ပါပဲ။ တစ်ကြိမ်နှစ်ကြိမ်လောက် ကြိုးစားပြီး ပြောဆိုကြည့်လိုက်တာနဲ့ နောက်ပိုင်း တဖြေးဖြေး ကျင့်သားရလာရင် အဆင်ပြေသွားမှာပါ။ ဒါကြောင့် အရင်ဆုံးလူစိမ်းတွေနဲ့ စကားပြောကြည့်ဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်ပါ။

အနည်းဆုံးတော့ သူငယ်ချင်းတွေရှေ့မှာထွက်ပြီး အတွေ့ အကြုံကောင်းတွေ မျှဝေပြောဆိုတာ ၊ တစ်နေ့တာကြုံတွေ့ရမှုတွေကို မိသားစုဝင်တွေထံ ပြန်လည်မျှဝေတာ ၊ တစ်ယောက်တည်းမှန်ရှေ့ရပ်ပြီး စကားပြောကြည့်တာမျိုးနဲ့ လေ့ကျင့်ယူလို့ရနိုင်ပါတယ်။

(၃) လူမှုအဝန်းအဝိုင်းကို ချဲ့ထွင်ပါ

Introvert အများစုက ပေါင်းနေကျ သူငယ်ချင်းတစ်ယောက်လောက်ရှိရင်ပဲ သူတို့အတွက် အဆင်ပြေနေပြီလို့ ယူဆတတ်ကြသူတွေပါ။ လူတွေနဲ့ပိုပြီး ထိတွေ့ဆက်ဆံပြောဆို နိုင်ဖို့ဆို သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေး အဝန်းအဝိုင်းကို ချဲ့ထွင်ဖို့ လိုမှာဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းတွေတက်တာ ၊ လူမှုရေးအသင်းအဖွဲ့တွေမှာ လုပ်အားပေးတာ စတဲ့ လှုပ်ရှားမှုတွေမှာပါဝင်ပြီး သူစိမ်းတွေနဲ့ မိတ်ဆွေအသစ်တွေဖွဲ့ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၄) အတွေးတွေကို စကားသံအဖြစ် ပြောင်းလဲလိုက်ပါ

Introvert တွေက များသောအားဖြင့် တစ်ယောက်တည်း စိတ်အာရုံထဲမှာပဲ အတွေးတွေနဲ့ ရှင်သန်လေ့ရှိကြပါတယ်။ Extrovert တွေကတော့ အတွေးတွေကို စကားအဖြစ် အသံထွက်ပြောကြသူတွေပါ။ ဆိုတော့ သင့်အနေနဲ့ အတွေးတွေထဲမှာပဲ လွင့်မျောမနေပဲ ကိုယ့်ရဲ့စိတ်ကူး စိတ်သန်းတွေကို တခြားသူတွေကိုမျှဝေတာ ၊ အကြံဉာဏ်ကောင်းတွေပေးတာစသည်ဖြင့် အတွေးတွေကို ပါးစပ်ကနေ ဖွင့်ဟ ပြောဆိုခွင့်ပြုလိုက်ပါ။

ကိုယ်ပြောလိုက်တာမှားသွားမလား ဆိုတာမျိုးလည်း စိုးရိမ်စိတ်မများပါနဲ့။ လူတွေနဲ့ များများပြောဆိုဆက်ဆံဖို့ပဲ အရေးကြီးတာဖြစ်ပါတယ်။