ဆေးပညာအလိုအရ ဝက်ခြံ ဖြစ်စေတာ ဟော်မုန်းအပြောင်းအလဲတွေ ၊ အစားအသောက်မမှန်မှု ၊ စိတ်ဖိစီးမှုတွေနဲ့လူရဲ့ နေ့စဉ် Lifestyle အမှားတွေကြောင့်လည်း ဖြစ်တတ်တယ်လို့ဆိုပါတယ်။ ဝက်ခြံဗရဗွနဲ့ မျက်နှာဟာ လူတစ်ယောက်ရဲ့ ရုပ်လက္ခဏာကို အများကြီး ဖျက်ဆီးတာကြောင့် ဝက်ခြံမဖြစ်အောင် ဘယ်လိုနေသင့်သလဲဆို ပြောပြချင်ပါတယ်။

(၁) မျက်နှာသန့်ရှင်းမှု အမြဲလုပ်ပါ

မျက်နှာပေါ်က မွေးညင်းပေါက်လေးတွေမှာ အဆီနဲ့အညစ်အကြေးတွေ ပိတ်ဆို့မိတာကြာရင်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်နှာကို Deep Cleaning လုပ်နိုင်မယ့် မျက်နှာသစ်ဆေးကောင်းကောင်းသုံးပြီး သန့်ရှင်းပေးဖို့လိုသလို မျက်နှာပြင်ပေါ်က အသားအရေ ညီညာစေဖို့ Moisturiser သုံးတာ ၊ တစ်ပတ်တစ်ခါ Face Scrubing လုပ်ပြီး ချေးချွတ်တာမျိုး လုပ်သင့်ပါတယ်။

(၂) အစားအသောက် ဂရုပြုပါ

အဆီအဆိမ့်နဲ့အငန်ဓါတ်ကဲတဲ့ အစားအသောက်တွေဟာ ဝက်ခြံဖြစ်ဖို့အားပေးပါတယ်။ အသီးအရွက်နဲ့အမျှင်ဓါတ်များတဲ့ အစားအသောက်တွေကတော့ ဝမ်းမှန်စေပြီး ကိုယ်တွင်းအပူအပုပ်တွေ ငြိမ်းစေတာကြောင့် အသားအရေကြမ်းတမ်းတာနဲ့ ဝက်ခြံဖြစ်တာမျိုး နည်းစေပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဟာ ဆီးဝမ်းသွေးလေညီမျှစေပြီး လူကို ပေါ့ပါးသွက်လက်စေတဲ့အပြင် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးရာရောက်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေဟာ သာမန်လူတွေထက် စိတ်ရောရုပ်ပါ ကျန်းမာရေးကောင်းကျိုးများစွာရရှိပြီး ဒီထဲမှာ ဝက်ခြံလိုမျိုး ရုပ်အင်္ဂါပိုင်းမှာပါ ကောင်းမွန်တဲ့ သက်ရောက်မှု ရှိစေပါတယ်။

(၄) တရားထိုင်ပါ

စိတ်ဖိစီးမှုများသူတွေမှာ ဝက်ခြံဖြစ်ပွားမှုနှုန်း ပိုများသလိုဖြစ်ရင်လည်း ပိုပြီးဆိုးဆိုးဝါးဝါးဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲမှု လျော့ပါးစေမယ့် တရားထိုင်တာ ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာနဲ့ယောဂလို လေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးပြီး စိတ်အေးချမ်းအောင်လေ့ကျင့်သင့်ပါတယ်။