အချစ်က ရင်ခုန်စေတယ် ပျော်ရွှင်စေတယ်ဆိုတာ လူတိုင်းလက်ခံမယ်ထင်ပါတယ်။ လူတိုင်းလိုလို အချစ်နဲ့ မကင်းသလို အချစ်ရှိမှ ပြည့်စုံတယ်လို့လည်း ထင်ကောင်းထင်နေကြပါတယ်။

ဒါဆိုရင်တော့ တစ်ကိုယ်တည်း Single သမားတွေအတွက် မတရားရာရောက်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ချစ်သူမရှိလည်း ဘဝမှာပျော်အောင်နေထိုင်လို့ရမယ့် နည်းလမ်းတွေများစွာ ရှိနေတာကြောင့်ပါ။

ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါဦး။

(၁) ကိုယ့်ကိုယ်ကို အပြည့်အဝချစ်မယ်

တခြားသူတွေကိုချစ်မှ အချစ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းဟာလည်း အချစ်လို့ခေါ်ပါတယ်။ ကိုယ့်ကိုယ်ကို ပျော်အောင်ထားချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။

ကိုယ်ဘဝအတွက်အချိန်တွေကို ကိုယ်စိတ်ကြိုက်အသုံးပြုမယ် ကိုယ်ရှာတဲ့ငွေတွေကို ကိုယ်အတွက်ဖြစ်စေ မိဘအတွက်ဖြစ်စေ တခြားပရဟိတနေရာတွေမှာဖြစ်စေ လိုသလိုသုံးမယ် ကိုယ့်ကိုယ်ကိုပိုပြီး စိတ်ချမ်းသာအောင်ထားမယ် စသည်ဖြင့် ကိုယ်စိတ်ပျော်အရာတွေကို စိတ်ကြိုက်လုပ်ပြီး ပျော်အောင်နေလို့ရပါတယ်။

(၂) ချုပ်ချယ်မှုမရှိတဲ့ဘဝမှာ နေထိုင်နိုင်မယ်

ချစ်သူရည်းစားရှိရင် အနည်းဆုံးတော့ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ သံတော်ဦးတင်နေရမှာပါ။ သူငယ်ချင်းတွေနဲ့ သောက်တာစားတာတွေလုပ်ရင် ချုပ်ချယ်ခံရမယ် အပြင်သွားရင်ငြိုငြင်ခံရမယ် အချိန်မပေးနိုင်ရင် စိတ်ကွက်ခံရမယ် စသည်ဖြင့် ချစ်သူရှိတဲ့အခါ ချုပ်ချယ်မှုတွေနဲ့ ဝန်းရံထားတဲ့ ဘောင်တစ်ခုထဲမှာပဲနေထိုင်ရမှာပါ။

တစ်ယောက်တည်းသမားတွေအနေနဲ့တော့ ချုပ်ချယ်မှုမရှိလွတ်လပ်တဲ့ အရသာကို အပြည့်အဝခံစားပြီး ပျော်ရွှင်လို့ရပါတယ်။

(၃) ဝါသနာတွေအပေါ်အချိန်ပေးမယ်

ချစ်သူမရှိတဲ့အခါ သိသာစေတဲ့အချက်တစ်ခုက ကိုယ် ပိုင်အချိန်တွေများစွာ ထွက်လာတာပါပဲ။ ကိုယ့်ရဲ့ အချိန်တွေကို ကိုယ်စိတ်ကြိုက်အသုံးပြုနိုင်တဲ့အတွက် ကိုယ်ဝါသနာပါတဲ့အရာတွေကို ဇောက်ချလုပ်နိုင်ပြီပေါ့။

ဘဝမှာ ကိုယ်ဝါသနာပါတဲ့အရာတွေ လုပ်ဆောင်နေရခြင်းက ပျော်စရာအကောင်းဆုံးအချိန်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့်ကိုယ်က တစ်ကိုယ်တည်းသမားဆို ဘာဝါသနာပါလဲ ဆန်းစစ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်ကြည့်ပါ။ ပျော်ရွှင်လာရမှာ အသေအချာပါပဲ။

(၄) မိသားစုဝင်တွေနဲ့ အတူတူဖြတ်သန်းမယ်

ကိုယ့်ဘဝမှာ ချစ်သူမရှိရင် ကိုယ်တစ်ယောက်တည်း အထီးကျန်နေမှာမဟုတ်ပါဘူး။ ကိုယ့်ကိုချစ်တဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေရှိပါသေးတယ်။ ဘဝရဲ့ အချိန်တစ်ချို့တဝက်ကို သူတို့နဲ့ အတူတူဖြတ်သန်းပြီး ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးလို့ရနိုင်ပါတယ်။

မိသားစုတွေ သူငယ်ချင်းတွေက သင်နဲ့ ရင်ဘတ်ချင်းနီးမယ့် အ​ကောင်းဆုံးအဖော်မွန်တွေဖြစ်တာကြောင့် သူတို့နဲ့ အတူတူပျော်ရွှင်စွာနေထိုင်ပါ။