အိမ်မှာအနေကြာပြီး ဘယ်ကိုမှမရောက်၊ ဘာကိုမှ မယ်မယ်ရရ မလုပ်ဖြစ်တဲ့အခါ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး ချို့ယွင်းလာတတ်ပါတယ်။ ဒါကြောင့် Gym သွားရတာာ မကြိုက်သူတွေအနေနဲ့ အိမ်မှာနေရင်း ကျန်းမာဖို့ နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။
(၁) ပုံမှန်အစီအစဉ်လေးထားပါ
Routine လို့ခေါ်တဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်အစီအစဉ်လေးတွေက အရေးကြီးပါတယ်။ တစ်ရက် ဘယ်နှစ်နာရီ အိပ်မယ်၊ ဘယ်အချိန် အားကစားလုပ်၊ ဘယ်နှစ်နာရီ တရားထိုင်၊ ဘယ်အချိန် စာဖတ်မယ်၊ ဘယ်အချိန် ဇာတ်ကားကြည့်ပြီး ဘယ်နှစ်နာရီ ဂိမ်းဆော့မယ်ဆိုတာကနေ မိသားစုနဲ့အတူတူ အိမ်မှုကိစ္စတွေ လုပ်ပေးဖို့အထိ အချိန်လေးတွေ သတ်မှတ်ထားတာ ကောင်းပါတယ်။
(၂) မစားခင် အရင်စဉ်းစားပါ
အိမ်မှာ အနေများတတ်သူတွေဟာ အစားအသောက်ကို စည်းကမ်းထားစားတာ ကျန်းမာရေးကို အားပေးရာရောက်ပါတယ်။ အစားအသောက်စားတိုင်း အာဟာရပြည့်ဖို့ ၊ ကျန်းမာရေးနဲ့ ညီဖို့နဲ့ မျှတဖို့ဆိုတာတွေကို ထည့်တွက်ပြီးမှ စားပေးသင့်ပါတယ်။
စားသောက်မှု အလေ့အထ ကျန်းမာရေးနဲ့ညီညွတ်မယ်ဆိုရင် အိပ်စက်မှု ၊ စိတ်အခြေအနေ ၊ ကိုယ်တွင်းစွမ်းအင်နဲ့ ကိုယ်ခံအားစနစ်တွေ မှန်ကန်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။
သကြားများတဲ့ အစားအစာမျိုး ရှောင်ပြီး သဘာဝအသီးအနှံနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အသားငါးမျိုး ရွေးချယ်စားပေးတာကလည်း အားကစားလုပ်စရာမလိုဘဲ ကျန်းမာအောင် နေနည်းတစ်မျိုးပါပဲ။
(၃) ရေများများသောက်ဖြစ်အောင် လုပ်ပါ
ရေသောက်တာဟာ ကိုယ်တွင်းရေဓါတ်မျှတစေပြီး အဆိပ်အတောက်တွေ ရှင်းထုတ်ပေးနိုင်ပါတယ်။ ရေသောက်တာအပြင် Green Tea ၊ ဂျင်းရေနွေး ၊ စွပ်ပြုတ်တို့လိုမျိုး အရည်ဓါတ် ပြည့်တွင်းတဲ့ အစားအသောက်တွေလည်း စားပေးနိုင်ပါတယ်။
ဗိုက်တာ မင် အေ ၊ စီ ၊ ဒီနဲ့ ဇင့်ဓါတ်တွေ ပါတဲ့ Immune Support Drinks တွေကလည်း ကိုယ်ခံအားကောင်းစေတာကြောင့် သောက်သုံးပေးနိုင်ပါတယ်။
(၄) သင့်ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ
အိမ်မှာ အနေများချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ သိပ်ကို လိုအပ်ပါတယ်။ အားကစားလုပ်တာဟာ ကိုယ်ကာယကျန်းမာမှုအပြင် စိတ်နဲ့ ခံစားချက်ပိုင်းပါ ကျန်းမာရွှင်လန်းစေနိုင်ပါတယ်။
အခုခေတ်မှာ အိမ်မှာ နေရင်း အွန်လိုင်းပေါ်က အားကစားလုပ်တဲ့ ဗွီဒီယိုဖိုင်တွေ လိုက်ကြည့်ပြီး ကိုယ်တိုင် အားကစားလုပ်နိုင်ပြီ ဖြစ်လို့ Trainer ရှာစရာ မလိုတော့ပါဘူး။
အိမ်ထဲမှာတင် ပစ္စည်းကိရိယာမလိုဘဲ အားကစားလုပ်နိုင်မယ့် ဒိုက်ထိုးတာ ၊ Plank ထောက် ၊ ကြိုးခုန် ၊ အကြောလျှော့ ၊ Belly ကစား စတဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ ရပါတယ်။
ဒီအချက် ၄ ချက်ကို ပုံမှန်လိုက်နာသွားမယ်ဆိုရင် အိမ်မှာနေရင်း ကျန်းမာရွှင်လန်းတဲ့ဘဝကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။