မင်္ဂလာပါ။ သင်က အသုံးစရိတ်ကို မကုန်သင့်တာမကုန်ရအောင် ချွေတာချင်တဲ့သူ၊ ပိုက်ဆံစုဖို့ ကြိုးစားနေတဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ အလှအပပိုင်းနဲ့ပက်သက်ပြီး Budget နည်းနည်းနဲ့ ထိန်းသိမ်းနည်းတွေကို သိထားဖို့ လိုပါတယ်နော်။ တစ်ခါတစ်ရံမှာ ဈေးကြီးပေးရတဲ့ မိတ်ကပ်ပစ္စည်းတွေ၊ Skincare အဆင့်တွေ မျိုးစုံသုံးတာထက် ရိုးရှင်းပြီး သက်သာတဲ့ အသားအရေ ထိန်းသိမ်းနည်းတွေ စမ်းကြည့်တာကလည်း သင့်ကိုအလှမပျက်စေဖို့ ကူညီပေးနိုင်မှာပါ။ ဒီတော့ အကုန်အကျနည်းနည်းနဲ့ ဘယ်လိုအသားအရေထိန်းသိမ်းသင့်လဲဆိုတာ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

၁။ အဓိက Skincare အဆင့်တွေကိုဦးစားပေးပါ

အသားအရေထိန်းသိမ်းတာက ရေရှည်လုပ်ပေးရတာမျိုးဖြစ်လို့ အမှန်တကယ်သုံးဖို့လိုတဲ့ Skincare အဆင့်တွေကိုပဲ သုံးပေးတာက သင့်ကို Budget ချွေတာပြီးသားဖြစ်စေမှာပါ။ ဥပမာအနေနဲ့ မျက်နှာသစ်ဆေး၊ နေလောင်ဒဏ်ကာကွယ်ဖို့ Sunscreen နဲ့ အသားအရေအစိုဓာတ်ထိန်းဖို့ Moisturizer စတဲ့ မရှိမဖြစ်လိုအပ်တဲ့ Skincare သုံးမျိုးလောက်ကိုသာ ဦးစားပေးသုံးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

၂။ DIY နည်းလေးတွေ သုံးကြည့်ပါ

အလွယ်တကူရနိုင်တဲ့ မီးဖိုချောင်သုံးအိမ်တွင်းပစ္စည်းတွေနဲ့ မျက်နှာပေါင်းတင်တာမျိုးကလည်း ငွေကုန်သက်သာချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဒါကြောင့် ကိုယ်တိုင် DIY Mask လေးတွေ လုပ်ပြီး အသားအရေထိန်းသိမ်းကြည့်ပါ။

၃။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ

လက်နဲ့ခြေထောက်တွေကို အမြဲသန့်စင်ပေးတာ၊ ပုံမှန်ရေချိုး၊ ခေါင်းလျှော်တာ စတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပေးတာက ထွေထွေထူးထူး Skincare စရာမလိုပဲ သင့်အသားအရေကို သန့်စင်စေပြီး အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေမကပ်စေဖို့ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၄။ ပစ္စည်းတွေဈေးချတဲ့အချိန်ကို နားစွင့်ထားပါ

ကိုယ်နဲ့အဆင်ပြေတဲ့အလှကုန်က ဈေးအရမ်းများနေတယ်ဆိုရင် ပစ္စည်းဈေးချမယ့်အချိန်ကိုစောင့်ပြီးမှ ဝယ်တာက အကောင်းဆုံးပါပဲ။ ဈေးကြီးတာတွေသုံးမှ အသားအရေလှလာမှာမျိုး မဟုတ်တာကြောင့် သက်သာတဲ့ပစ္စည်းတွေထဲက လူကြိုက်များပြီး ကိုယ့် Skin Type နဲ့လည်းတည့်မယ့် ထုတ်ကုန်တွေရှာပြီး တော့လည်း စမ်းသုံးကြည့်ဖို့လိုပါတယ်။

၅။ ရေများများသောက်ပါ၊ အိပ်ရေးဝအောင်အိပ်ပါ

ရေများများသောက်တာနဲ့ အိပ်ရေးဝအောင်အိပ်တာကလည်း တပြားမှကုန်စရာမလိုတဲ့ အသားအရေ ထိန်းသိမ်းနည်းတွေဖြစ်တာမို့ တစ်နေ့ ရေနှစ်လီတာလောက်သောက်ပြီး အိပ်ရေးဝအောင် စောစောအနားယူပေးဖို့လည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar