ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ ထက်မြက်တဲ့သူတစ်ယောက်အဖြစ် ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်စွာနဲ့ဖြတ်သန်းနိုင်မယ့် နည်းလမ်း (၆) ချက်ကို ဖော်ပြပေးချင်ပါတယ်။

မနှစ်ကထက် စာများများဖတ်ပါ

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း စာများများဖတ်ခြင်းက သင့်ကို အသိဉာဏ်တွေ ကြွယ်ဝလာအောင် ကူညီပေးပါတယ်။ စိတ်ပြေလက်ပျောက်ဖတ်ချင်တယ်ဆိုရင်တော့ ဝတ္ထုစာအုပ်လေးတွေ၊ ဟာသစာအုပ်လေးတွေ ဖတ်လို့ရပါတယ်။

ဘဝတိုးတက်ရာ တိုးတက်ကြောင်းလေးတွေ ဖတ်ချင်တယ်ဆိုရင်လည်း စိတ်ဓာတ်မြင့်တင်ရေး စာအုပ်လေးတွေဖတ်ပါ။

နေရောင်ခြည်နဲ့ ထိတွေ့ပေးဖို့ မမေ့ပါနဲ့

တစ်ချို့သူတွေက အိမ်မှာပဲ အိမ်တွင်းအောင်းရတာကို သဘောကျကြပါတယ်။ ဒါပေမဲ့ နေရောင်ခြည်က သင့်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကို သင်သိပါသလား။

အီလီနွိုက်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ပြတင်းပေါက်နားမှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူက ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီးတော့ သူ့ရဲ့အခြားလုပ်ဖော်ကိုင်ဖက်တွေထက် ပိုမိုတက်ကြွပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရလေ့ရှိပါတယ်။

ဖုန်းသုံးတဲ့အချိန် လျော့ချပါ

ယနေ့ခေတ်က အင်တာနက်ခေတ်ဆိုတော့ လူတိုင်းက စမတ်ဖုန်းနဲ့ မျက်နှာနဲ့မခွာနိုင်ဖြစ်နေကြတာကတော့ အမှန်တရားပါပဲ။ ဒီလိုမျိုး စမတ်ဖုန်းအတွက်ပဲ အချိန်ပေးတာက သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေး လူမှုဘဝကို ထိခိုက်နိုင်သလို၊ သင့်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

လူအများစု တဖြည်းဖြည်း အထီးကျန်ဆန်လာရတဲ့ အကြောင်းအရင်းကတော့ စမတ်ဖုန်းကြောင့်ပဲဖြစ်ပါတယ်။ ဘဝကို အနှစ်သာရရှိရှိ ဖြတ်သန်းချင်တယ်ဆိုရင်တော့ မိသားစုနဲ့ ချစ်သူခင်သူတွေကို အချိန်များများပေးပါ။ စမတ်ဖုန်းသုံးတဲ့အချိန် လျော့ချပစ်ပါ။

အိပ်ရေးဝဝအိပ်ပါ

အိပ်စက်ခြင်းက လူသားတွေအတွက် အင်မတန်အရေးပါပါတယ်။ အိပ်စက်တဲ့အချိန်မှာ သင့်ခန္ဓာကိုယ်နဲ့ သင့်စိတ်က တစ်နေကုန်ပင်ပန်းထားသမျှကို ပြန်လည်အားမွေးနေရပါတယ်။