အားလပ်ချိန်ဆိုတာ လူတိုင်း မျှော်နေကြတဲ့အရာ ဖြစ်ပါလိမ့်မယ်။ တနင်္လာကနေ သောကြာနေ့အထိ တစ်ပတ် ၅ ရက် အလုပ်ချိန်ဇယားထဲမှာ ကျင်လည်နေရတဲ့သူတွေဆို ပိုလို့တောင် မျှော်မိမှာပါ။ တစ်ခါတစ်လေကျတော့လည်း ရုံးပိတ်ရက်တွေမှာ ယောင်ချာချာ နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်တတ်ပါတယ်။

တကယ်လို့ စနေတနင်္ဂနွေ အားရက်တွေမှာ ပျင်းလို့ ဘယ်လို ဖြတ်သန်းရမလဲ မသိဘူးဆိုရင် အခုပြောမယ့် အရာလေးတွေ လုပ်ကြည့်သင့်ပါတယ်။

(၁) စာအုပ်ကောင်းတစ်အုပ်ထဲ ခေါင်းနှစ်ကြည့်ပါ

Weekdays တွေတစ်လျှောက်လုံး ဖတ်ချင်လျက်နဲ့ မဖတ်ခဲ့ရတဲ့ စာအုပ်ကောင်းလေးကို စိတ်အေးလက်အေးနဲ့ ဖတ်ဖို့ ပြင်ထားပါ။ အီးမေးလ်တွေ ၊ ရုံးစာတွေ နဲ့ ကွန်ပျူတာရှေ့က အာရုံနောက်စရာ အလုပ်တွေကို လွှတ်ချပြီး စာအုပ်ကောင်းထဲမှာ ခေါင်းနှစ်ထားလိုက်ပါ။

စာဖတ်တယ်ဆိုတာ စိတ်ထဲ သာယာကြည်နူးမှုတင် ပေးတာ မဟုတ်ဘဲ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်စေပြီး ဖိအားကို လျှော့ချပေးနိုင်သလို ဗဟုသုတကြွယ်ဝစေတဲ့ အလေ့အထကောင်းလည်း ဖြစ်ပါတယ်။

(၂) လေ့ကျင့်ခန်း အပျော့စား လုပ်ကြည့်ပါ

Gym လည်း မသွားချင်သလို အကြမ်းပတမ်း လေ့ကျင့်ခန်းတွေလည်း မလုပ်ချင်ဘူးဆိုရင် ရုံးအားရက်မှာ နာရီဝက်လောက် ယောဂ ကစားတာ ၊ အကြောလျှော့တာကနေ စိတ်နှလုံးအေးချမ်းအောင် တရားရှုမှတ်တာအထိ လုပ်ပေးကြည့်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းကြောင့် ကျန်းမာကြံ့ခိုင်စေသလို တရားရှုမှတ်တာကြောင့် စိတ်ဖိစီးမှု နဲ့ ပူပန်မှုတွေ ကင်းဝေးစေပြီး ရုံးဖွင့်ရက်တွေမှာ ပိုမိုတက်ကြွကြည်လင် ပျော်ရွှင်စေပါလိမ့်မယ်။

(၃) မုန့်လုပ်စားပါ

အိမ်ထဲမှာပဲ စနေ တနင်္ဂနွေနေ့တွေကို ကုန်ဆုံးဖို့ စဉ်းစားထားရင် မပျင်းရအောင် ဟင်းအသစ် ချက်စားတာ ၊ မုန့်တစ်ခုခု လုပ်စားတာမျိုး လုပ်ဖို့ အားပေးသင့်ပါတယ်။ ကိုယ်တစ်ယောက်တည်း ပျင်းမှာ စိုးရင် သူငယ်ချင်းတွေကို အိမ်မှာ ဖိတ်ပြီး အတူတူ မုန့်လုပ်ပါ။ ရုပ်ရှင်ကြည့်ပါ။ ဒါဆို ပျော်စရာကောင်းတဲ့ ရုံးပိတ်ရက်တွေ ဖြစ်သွားပါလိမ့်မယ်။

(၄) ရုပ်ရှင်စီးရီးတွေ ထိုင်ကြည့်ပါ

အော်စကာရသွားတဲ့ ဟောလီဝုဒ်ကားတွေပဲ ကြည့်မလား။ ဒါမှမဟုတ် WiFi ရတယ်ဆိုရင် အသစ်ထွက်ထားတဲ့ ရုပ်ရှင်ကားတွေကို ဒေါင်းပြီးပဲ ကြည့်မလား။ ရုပ်ရှင်ဝါသနာအိုးတွေအတွက်တော့ ဇာတ်ကားကောင်းကောင်းများ ဇိမ်နဲ့ ကြည့်ရမယ်ဆိုရင် ပျင်းဖို့တောင် အချိန်ရမှာ မဟုတ်ပါဘူး။

(၅) Board-Game ကစားပါ

ဝါသနာတူ မိသားစုဝင်တွေနဲ့ ဘော်ဒါတွေရှိရင် Chess ကစားတာ ၊ ကျားထိုးတာမျိုးဟာ အပျင်းလည်းပြေ ၊ ဉာဏ်လည်း ရွှင်စေပါတယ်။ Board-Game ကစားတာဟာ တီဗွီထိုင်ကြည့်နေတာထက် မိသားစုဝင်တွေ အချင်းချင်းအကြား ပိုမို နီးစပ်မှုပေးပါတယ်။ ရုံးအားရက်မှာ မိုနိုပိုလီကစားတာပဲဖြစ်ဖြစ် Gigsaw စီတာမျိုးဖြစ်ဖြစ် ကစားဖို့ အကြံပြုပါတယ်။