လူအများစုဟာ အသားအရေ ထိန်းသိမ်းခြင်းတွေ လုပ်လေ့ရှိပေမယ့် ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကိုတော့ လျစ်လျူရှုထားမိကြပါတယ်။ ဦးရေပြားကျန်းမာရေးနဲ့ ပတ်သတ်ပြီး ထိန်းသိမ်းမှုနည်းကြတဲ့အတွက် ဗောက်နဲ့ ဦးရေပြားယားယံခြင်းတွေ ပိုဖြစ်လေ့ရှိပါတယ်။

အခုလို ရာသီဥတု ပူပြင်းလာချိန်မှာ ဦးရေပြားပေါ်က ထွက်လာတဲ့အဆီတွေနဲ့ ပြင်ပက ဖုန်နဲ့အညစ်ကြေးတွေပေါင်းပြီး ဦးရေပြားယားယံခြင်းတွေ ပိုအဖြစ်များပါတယ်။

ဒီလို ဦးရေပြားယားယံခြင်းပြဿနာကို ဖြေရှင်းနိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ အသားအရေအတွက်သာမက ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ အသုံးပြုရလွယ်ကူပြီး ဦးရေပြား ယားယံခြင်းနဲ့ ဗောက်ကဲ့သို့ ပြဿနာတွေကို ဖြေရှင်းနိုင်ရုံမက ဦးရေပြားကို ရေဓာတ်ဖြည့်ပေးကာ ဆံသားကြီး ထွားမှုနှုန်းကိုလည်း တိုးစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဦးရေပြားအနှံ့လိမ်းပြီး ၁၅ မိနစ်ခန့်ထားကာ ခေါင်းလျှော်ပေးလိုက်ရုံနဲ့ ဦးရေပြား ယားယံခြင်းကို သက်သာစေမှဖြစ်ပါတယ်။

(၂) ပန်းသီးရှာလကာရည်

ဦးရေပြား ယားယံခြင်းကို ကုစားနိုင်မယ့် နည်းလမ်းတစ်ခုကတော့ ပန်းသီးရှာလကာရည်ပဲ ဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်ဟာ အက်စစ်ဓာတ်အပျော့စားတစ်ခုဖြစ်တာကြောင့် ဦးရေပြားပေါ်က မှိုနဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး ဦးရေပြား ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတွေကို သက်သာစေမှာပဲ ဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေခပ်နွေးနွေးနဲ့ ရောစပ်ပြီး ဦးရေပြားအနှံ့လိမ်းကျံကာ ၅ မိနစ်ခန့်ထားပါ။ ပြီးရင်တော့ ခေါင်းလျော်လိုက်လို့ ရပါပြီ။

(၃) သံလွင်ဆီ

သံလွင်ဆီဆိုတာကတော့ ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် နာမည်ကြီးပါတယ်။ ခေါင်းမလျော်ခင် ၁၅ မိနစ်လောက်အလိုမှာ သံလွင်ဆီအနည်းငယ်လိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြား သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဗောက်နဲ့ နှင်းခူကဲ့သို့ ဦးရေပြားပေါ်မှာ ဖြစ်တက်တဲ့ ပြဿနာတွေနဲ့ ယားယံခြင်းတွေကို လျော့ကျသက်သာစေမှာ ဖြစ်ပါတယ်။