ခေါင်းကိုက်တဲ့ဝေဒနာက စိုးရိမ်စရာတော့မဟုတ်ဘူးဆိုပေမယ့်လည်း ဒီလိုမျိုးခံစားနေရတဲ့အချိန်မှာတော့ ဘာမှလုပ်ချင်စိတ်မရှိအောင်ကို ခံစားရတဲ့ဝေဒနာမျိုးပါ။ ခေါင်းကိုက်တဲ့ဝေဒနာက ကွန်ပျူတာအကြည့်များတဲ့သူတွေ၊ စိတ်ညစ်စရာတွေ စိတ်ဖိစီးစရာတွေများတဲ့သူတွေ၊ အာရုံကြောအားနည်းတဲ့သူတွေ တော်တော်များများ မကြာခဏဆိုသလိုခံစားရတာပဲဖြစ်ပါတယ်။

ဘာကြောင့်ပဲ ခေါင်းကိုက်နေပါစေ အချိန်တိုအတွင်းမှာ သက်သာသွားအောင်လုပ်နိုင်မှ အဆင်ပြေပြေနဲ့လုပ်စရာရှိတာကို ဆက်လုပ်လို့ရမှာဆိုတော့ ဒါတွေကိုသိထားဖို့လိုမယ်နော်။

ရေများများသောက်ပေးလိုက်ပါ။ ခေါင်းကိုက်တယ်ဆိုတာ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတာကြောင့်လည်း ဖြစ်နိုင်တာဆိုတော့ ရေများများသောက်ပေးပြီး ခဏလောက်နားနေလိုက်ပါနော်။

အနည်းငယ်လောက်နှိပ်ပေးဖို့လိုပါတယ်။ တခြားသူကိုနှိပ်ခိုင်းတာထက် ခေါင်းကိုက်နေတဲ့နေရာနားကို လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးဖိပြီးနှိပ်ပေးတာက ခေါင်းကိုက်တာကိုအချိန်တိုအတွင်း သက်သာစေမှာပဲဖြစ်ပါတယ်။

ဖရဲသီးစားပေးလို့လည်း ရပါတယ်။ ဖရဲသီးမှာ ရေဓာတ်တွေများစွာပါဝင်နေပြီး စားလိုက်တဲ့အချိန်မှာလည်း လန်းဆန်းသွားစေတာကြောင့် ခေါင်းကိုက်တာကိုလည်း သက်သာလာစေမှာပါ။

အသက်ပြင်းပြင်းရှုပြီး ပြန်ထုတ်ပေးလိုက်ပါ။ စိတ်ဖိစီးမှုတွေများလွန်းပြီး ခေါင်းကိုက်ရတာဆိုရင်လည်း စိတ်ဖိစီးမှုတွေလည်းလျော့နည်းပြီး ခေါင်းကိုက်တာကိုသက်သာစေဖို့ နည်းလမ်းကောင်းလေးတစ်ခုကတော့ အသက်ကိုပြင်းပြင်းရှုထုတ်ပြီး ရှုသွင်းတဲ့လေ့ကျင့်ခန်းလေးကို ၅ မိနစ်လောက်လုံးပေးလိုက်လို့ရပါတယ်။

ကော်ဖီတစ်ခွက်သောက်ပေးဖို့ စီစဉ်ကြည့်ပါ။ ခေါင်းကိုက်တယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သွေးကြောတွေကျယ်လာတာကြောင့်လည်း ဖြစ်နိုင်တာကြောင့် ကော်ဖီတစ်ခွက်သောက်လိုက်မယ်ဆိုရင် သွေးကြောတွေကိုပုံမှန်ပြန်ဖြစ်သွားစေပြီး ခေါင်းကိုလည်းကြည်လင်လာစေမှာပါ။

ရေနွေးနွေးလေးနဲ့ ရေချိုးကြည့်လိုက်ပါ။ ရေနွေးနဲ့ရေချိုးတာက ခန္ဓာကိုယ်မှာရှိနေတဲ့ သွေးလှည့်ပတ်မှုစနစ်တွေကို ကောင်းမွန်သွားစေပြီး ခန္ဓာကိုယ်ကိုလည်းလန်းဆန်းသွားစေတာကြောင့် ခေါင်းကိုက်တာကိုလည်း သက်သာလာစေမှာပဲဖြစ်ပါတယ်နော်။