သင်က ဆံပင်အရှည်ထားတဲ့လူဆိုရင် ညအိပ်တဲ့အခါ ဆံပင်မပျက်စီးစေဖို့ ဒီအချက်တွေကို ဂရုစိုက်သင့်ပါတယ်။

ခြောက်အောင်လုပ်ပါ

ဆံပင်တွေက ရေစိုနေရင် ပုံမှန်ထက် ပိုပျော့နေတာမလို့ ညဘက်ဆံပင်အစိုနဲ့အိပ်မိရင် ဆံပင်တွေ ကျိုးကြေပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် ညဘက်ခေါင်းလျှော်ပြီး ခြောက်အောင်မသုတ်ဘဲအိပ်မိရင် ခေါင်းကိုက်တာ ခေါင်းအုံတာတွေဖြစ်တတ်လို့ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

ခေါင်းဖြီးပါ

ဆံပင်အရှည်ကို မဖြီးဘဲအိပ်တဲ့အခါ မနက်မိုးလင်းတဲ့အခါ ဆံပင်တွေက ရှုပ်ယှက်ခက်နေပြီး ငြိနေမှာပါ။ ဒီလိုငြိတာက ခနခနဖြစ်တဲ့အခါ ပြတ်ထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညမအိပ်ခင်မှာ ဆံပင်ကို သေချာဖြီးပေးပါ။

ခေါင်းအုံးစွပ်ကောင်းကောင်းသုံးပေးပါ

ပိုးသား ဖဲသားခေါင်းအုံးစွပ်တွေက ချည်ခေါင်းအုံးစွပ်တွေနဲ့ယှဥ်လိုက်ရင် ဆံပင်နဲ့ ပွတ်တိုက်မှုနည်းတာမလို့ ဆံပင်ရှုပ်တာ ၊ ကွဲအက်တာ စတဲ့အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ရဲ့ သဘာဝဆီဘမ်နဲ့ အဆီတွေကို ကာကွယ်ပေးတာကြောင့် အစိုဓာတ်ထိန်းထားဖို့ ကူညီပေးပါသေးတယ်။

ဆံပင်ကိုတင်းတင်းမစည်းပါနဲ့

ညအိပ်တဲ့အချိန် ဆံပင်ကို တင်းနေအောင်စည်းတာ ၊ ထုံးတာ ၊ Ponytails လို နောက်ပြန်ဆွဲတဲ့ဆံပင်ပုံစံတွေနဲ့ အိပ်တာက ဆံပင်ရဲ့မွှေးညင်းပေါက်တွေက်ို ဖိအားများစေတာမလို့ ညအိပ်တဲ့အခါ ဆံပင်ကို တင်းအောင်မစည်းပါနဲ့။

ဖွဖွလေးစည်းပါ

ဆံပင်နဲ့ ဦးရေပြားကို ဖိစီးမှုမဖြစ်အောင် အိပ်တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။ ခေါင်းကိုလှန်ပြီး ဆံပင်အကုန်လုံးကို ခေါင်းစည်းကြိုးအပျော့နဲ့ လျော့လျော့လေးချည်တာ ၊ ကျစ်ဆံမြီးကျစ်တာတွေမျိုး လုပ်ပေးပါ။ ဒါက ဆံပင်ကောက်ထားတဲ့သူတွေလည်း လုပ်လို့ရပါတယ်။

Leave-In Treatments ကို စမ်းကြည့်ပါ

ညအိပ်ခါနီး Lightweight ဖြစ်တဲ့ Leave-in Conditioner ဒါမှမဟုတ် အစိုဓာတ်များတဲ့အဆီတခုခု လိမ်းပြီးအိပ်ကြည့်ပါ။ မနက်နိုးလာတဲ့အချိန် ချောမွေ့ပြီး အစိုဓာတ်များတဲ့ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။