ပေါင်းစပ်အသားအရေ Combination Skin မျက်နှာဟာ တချို့နေရာတွေမှာ အသားခြောက်တတ်ပြီး တချို့နေရာကျပြန်တော့ အဆီပြန်နေတတ်ပါတယ်။

အထူးသဖြင့် ပါးပြင်နှင့် မျက်လုံးနားတစ်ဝိုက်က အသားခြောက်တတ်ပြီး နဖူးနှင့် နှာခေါင်းလို T-Zone နေရာကတော့ တော်တော်လေးကို အဆီပြန်နေတတ်ပါတယ်။

ဒီလိုမျိုး Combination Skin မျိုး ပိုင်ဆိုင်ထားတဲ့သူတို့အနေနဲ့ ကိုယ့်အသားအရေကို ဒီ့ထက်အခြေအနေပိုဆိုးမလာအောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

အဆင့်(၁) အနေနဲ့ကတော့ မျက်နှာသစ်ဆေးအပျော့စားကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

တစ်နေကုန်လုံး အပြင်သွားလာပြီးတဲ့နောက်မှာ အိပ်ပြန်ရောက်တဲ့အခါ မျက်နှာသစ်ဆေးဖြင့် မျက်နှာပေါ်ရှိ အညစ်အကြေးများကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ မျက်နှာသစ်ဆေး ရွေးချယ်တဲ့အခါမှာလည်း မျက်နှာသစ်ဆေးအပြင်းစားတွေကိုရှောင်ကြဉ်သင့်ပြီး Combination Skin တို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

ဒါမှသာ မျက်နှာအသားအရေက အဆီပြန်တဲ့နေရာပြန် ခြောက်တဲ့နေရာ ခြောက်တာမျိုး ဖြစ်မနေတော့ဘဲ အသားအရေက ကြည်ကြည်လင်လင်လေးဖြစ်နေမှာပါ။

အသားအရေကို ရေဓာတ်ဖြည့်ပါ

မျက်နှာသစ်ပြီးသွားတဲ့အခါမှာတော့ ဒုတိယအဆင့်အနေနဲ့ ရေဓာတ်ပြန်လည် ဖြည့်တင်းပေးဖို့ပါပဲ။ ရေဓာတ်ဖြည့်တင်းပေးဖို့ရန်အတွက်တော့ Moisturizer တစ်မျိုးကို လိမ်းကျံပေးရမှာဖြစ်ပါတယ်။

Moisturizer ရွေးချယ်တဲ့အခါမှာလည်း အသားထဲကို စိမ့်ဝင်လွယ်ပြီး အလွယ်တကူအဆီမပြန်အောင် ကူညီပေးတဲ့ Moisturizer မျိုးကို ရွေးချယ်သင့်ပါတယ်။

မျက်နှာကို လက်ဖြင့် မကြာခဏ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ

သင့်ရဲ့မျက်နှာကို မျက်နှာသစ်ချိန်နှင့် Skincare လိမ်းချိန်ကလွဲပြီး မထိတွေ့မကိုင်တွယ်တာအကောင်းဆံးပါပဲ။ သင့်ရဲ့ လက်ချောင်းပေါ်မှာ အညစ်အကြေးများနှင့် ဘက်တီးရီးယားများ ခိုအောင်းနေပြီး သင့်မျက်နှာပေါ်သို့ ထိုအညစ်အကြေးများ ကူးစက် မသွားစေချင်ဘူးဆိုရင်တော့ မထိတွေ့ မကိုင်တွယ်တာ အကောင်းဆုံးပါပဲ။

မျက်နှာကို တစ်ပတ်လျှင် တစ်ကြိမ် ကြေးချွတ်ပါ

မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေများကို မဖယ်ရှားတဲ့အခါ သင့်မျက်နှာက ညစ်ထေးထေးဖြစ်နေပြီး ကြည်လင်ဝင်းပတဲ့အသားအရေမျိုး ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ထိုဆဲလ်သေများကို ဖယ်ရှားပေးဖို့ရန်အတွက် မျက်နှာကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် ကြေးချွတ်ပေးဖို့လိုအပ်ပါတယ်။

မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့

မျက်နှာပေါင်းတင်ခြင်းကိုတော့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးပါက လုံလောက်ပါတယ်။ ပုံမှန်ပေါင်းတင်ပေးတဲ့အခါ သင့်ရဲ့အသားအရေက နူးညံ့စိုပြေလာမှာပဲဖြစ်ပါတယ်။

သင့်ရဲ့ မျက်လုံးကိုလည်း မေ့မထားပါနဲ့

မျက်လုံးနားတစ်ဝိုက်ဟာ အရေးအကြောင်းများ အရင်ဦးဆုံးပေါ်ပေါက်လာတဲ့နေရာဖြစ်ပါတယ်။ ဒါ့ကြောင့် အရွယ်မတိုင်မှီ အရေးအကြောင်းများ ဖယ်ရှားချင်တယ်ဆိုရင်တော့ သင့်ရဲ့ မျက်လုံးအတွက် Eye Cream (သို့) Eye Serum မျိုး အသုံးပြုပေးရမှာဖြစ်ပါတယ်။

သင့်ရဲ့အသားအရေကို အခုဖော်ပြသွားတဲ့အချက်များဖြင့် ဂရုစိုက်ပေးမယ်ဆိုရင်တော့ အသားအရေက Combination Skin မျိုးကနေ တဖြည်းဖြည်း ကျန်းမာစိုပြေတဲ့ အသားအရေအဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။