လူတော်တော်များများဟာ အလုပ်မှာ အဝေဖန်ခံရပြီဆိုရင် ဝမ်းနည်းခံခက် မကျေမနပ် ဖြစ်တတ်ပါတယ်။ တကယ်တော့ အလုပ်မှာ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားလိုက်ပေမယ့် အထက်လူကြီးက အကောင်းမထင်တာတွေလည်း ရှိပါတယ်။

ဝေဖန်တာတိုင်းဟာ အဆိုးချည်းသက်သက်တော့ မဟုတ်ပါဘူး။ ဒီကနေ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်စရာ လမ်းစပေါ်လာနိုင်ပါတယ်။ တကယ်လို့ ဝေဖန်ခံရပြီဆိုရင် ဒီအချက်လေးတွေ လိုက်နာကြည့်မယ်ဆိုရင် အလုပ်ခွင်မှာ ပိုပြီး တိုးတက်အောင်မြင်သူ ဖြစ်လာမှာပါ။

(၁) ဂရုတစိုက် နားထောင်ပေးလိုက်ပါ။

ဝေဖန်သူမှာ ဝေဖန်စရာ အချက်အလက်တွေ ရှိနေမှာ သေချာပါတယ်။ ဒါတွေဟာ တကယ်ပဲ ကိုယ့်ရဲ့ လိုအပ်ချက်တွေ ဖြစ်လာနိုင်သလို ဆီလိုရေလို အပေါက်ရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာက နှစ်ခုစလုံးကို အကောင်းအဖြစ် ပြန်ပြောင်းနိုင်တာပါပဲ။

ကိုယ့်ကို တိုက်ခိုက်ရုံ ၊ နှိမ့်ချရုံသက်သက်ဆိုရင် ဒါကိုယ့်အမှား မဟုတ်တာကြောင့် စိတ်ပူစရာ စိတ်မကောင်းစရာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ထောက်ပြရင်တော့ သူက ကိုယ့်ကို လမ်းပြသွားတာပါ။ ဒီတော့ ဘာပဲဖြစ်ဖြစ် ကောင်းကောင်း နားထောင်ပေးလိုက်ပါ။

(၂) စေတနာကောင်းနဲ့ပြောတယ် မှတ်ပါ။

တကယ် ကိုယ့်ကို ကောင်းစေချင်လို့စေတနာထားပြီး ထောက်ပြတာလည်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်း ကိုယ်မှန်ကြောင်း သက်သေပြဖို့အတင်းမကြိုးစားပါနဲ့။ ကိုယ့်ကို ဝေဖန်သူကိုလည်း အမြင်တစ်မျိုးနဲ့မကြည့်ပါနဲ့။ အနည်းဆုံး သူ့အပေါ် အကောင်းမြင်စိတ်ထားပြီး စေတနာနဲ့ ပြောတယ် တွေးပြီး အကောင်းဆုံး လုပ်ပြလိုက်ပါ။

(၃) ပြိုင်မငြင်းဘဲ ဒီထက်ကောင်းတာတစ်ခု လုပ်လိုက်ပါ။

ဝေဖန်သူတွေရဲ့ ပြဿနာက သူတို့ကို ပြန်ဝေဖန်ခြင်းဟာ သူတို့ကို တိုက်ခိုက်တယ်လို့ပဲ ယူဆတာ ဖြစ်ပါတယ်။ ဒီလိုလူတစ်ယောက်နဲ့ ပြိုင်ငြင်းမယ့်အစား အကျိုးသင့် အကြောင်းသင့် ရှင်းပြလိုက်ပါ။ သူပြောတဲ့ထဲကနေ ဘာတွေ သိလာပါတယ်။ အခု မတူတာလေးတွေ လုပ်ပြပါ့မယ်လို့ပြောလိုက်ပါ။ ဒါဆို သူလည်း စိတ်ပြေ ကိုယ်လည်း အသစ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၄) ကိုယ်ရေးကိုယ်တာနဲ့ မရောထွေးလိုက်ပါနဲ့။

အထက်လူကြီးက ကိုယ့်ကို ဝေဖန်တိုင်း ကိုယ့်ကို မကြိုက်လို့၊ မုန်းလို့ပဲလို့ မတွေးလိုက်ပါနဲ့။ ဒီအတွေးက ကိုယ့်ကို ပိုပြီး စိတ်ပျက်စေသလို မှန်ချင်မှလည်း မှန်မယ့် အတွေးမျိုး ဖြစ်ပါတယ်။

(၅) ဝေဖန်ခံရခြင်းကို အကူအညီတစ်ရပ်လို သဘောထားပါ။

ဝေဖန်မှုတိုင်းမှာ အကောင်းဘက်ကို ဦးလှည့်ပေးနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ ကောင်းတာပဲ ဝေဖန်ဝေဖန် ၊ အဆိုးကိုပဲ သုံးသပ်သုံးသပ် ကိုယ့်ဘက်မှာ စိတ်ထားတတ်ရင် ဒါဟာ တိုးတက်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

(၆) ကိုယ့်ကိုယ်ကို သိပ်စိတ်ပျက်မသွားပါနဲ့။

လူတိုင်း မှားတတ်ပါတယ်။ ဒီအမှားတွေကနေပဲ အမှန်ဆိုတာ ဖြူသလား ၊ မည်းသလား သိရတာ ဖြစ်ပါတယ်။ စိတ်မပူပါနဲ့။ အမှားလုပ်မိလို့ ဝေဖန်ခံရတယ်ဆိုရင်တောင် နောက်တစ်ကြိမ် မှန်အောင်လုပ်မယ်ဆိုတဲ့ စိတ်သွင်းပြီး ဝေဖန်မှုကနေ အဖြေရှာလိုက်ပါ။