Hello..ဒီနေ့မှာတော့ MyStyle Myanmarရဲ့ ပျိုမဒီလေးတွေအထဲကမှ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်လေးတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့အပြင် တကယ့်လည်းအကျိုးရှိတဲ့ နည်းလမ်းလေးမို့လို့ မျှဝေပေးလိုက်ပါတယ်နော်။

အဆီထွက်တာဟာ အဆီဂရင်းကနေ အဆီတွေ အများကြီးထုတ်ပေးတာကြောင့်ပဲ့ ဖြစ်ပါတယ်။ တကယ်တော့ မျက်နှာမှာ အဆီထွက်တာဟာ ကောင်းပါတယ်။ အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အဆီအလွန်အကျွံထွက်ပြီး အဆီပြန်တာကတော့ သင့်အသားအရေအတွက် မကောင်းပါဘူး။ သင့်ကို ဆွဲဆောင်မှုလျော့စေသလို လိမ်းထားတဲ့ မိတ်ကပ်တွေကိုလည်း အလွယ်တကူ ပျက်တာတွေ မိတ်ကပ်ကွက်ပြီး မလှမပဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် အဆီပြန်တဲ့အသားအရေကို အလွယ်တကူ ဘယ်လိုထိန်းသိမ်းနိုင်မလဲဆိုတာကို အတူတူကြည့်လိုက်ကြရအောင်…

မျက်နှာသစ်ပါ

မျက်နှာသစ်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ် မနက်တစ်ကြိမ်နဲ့ ညအိပ်ယာမဝင်ခင် တစ်ကြိမ် ပုံမှန်သစ်ပေးပါ။ မျက်နှာသစ်ပေးရင် သေချာပြောင်အောင် သစ်ပေးဖို့လည်း မမေ့နဲ့နော်။

အဆီစုပ်စက္ကူသုံးပါ

အဆီပြန်တဲ့အသားအရေအတွက် အဆီစုပ်စက္ကူကတော့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အရာတစ်ခုပါပဲ့။ သင်အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် နေ့လည်နေ့ခင်း အဆီပြန်လာတဲ့အခါ အဆီစုပ်စက္ကူလေးနဲ့ သုတ်ပေးသင့်ပါတယ်။ ခပ်ကြမ်းကြမ်းပွတ်တာမျိုးမဟုတ်ဘဲ ခပ်ဖွဖွလေး အဆီတွေစုပ်သွားအောင် ပြုလုပ်ပေးပါ။

ပျားရည်သုံးပါ

ပျားရည်နဲ့ မျက်နှာကို နှိပ်နယ်ပေးတာဟာ အဆီပြန်တဲ့အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။ အဆီပြန်တဲ့အသားအရေဟာ ဝက်ခြံထွက်တတ်ပြီး ယားယံတတ်ပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်လို့ ဝက်ခြံနဲ့ ယားယံတာကို သက်သာစေပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ၅ မိနစ်လောက် နှိပ်ပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးအေးနဲ့ ထပ်ဆေးချပါ။ ချွေးပေါက်တွေ ပိတ်သွားအောင် ဖြစ်ပါတယ်။

အုတ်ဂျုံနဲ့ ပျားရည်

အုတ်ဂျုံနဲ့ ပျားရည်ကို သုံးပြီး သဘာဝနည်းလမ်းလေးဖြင့် ပေါင်းတင်ပေးနိုင်ပါတယ်နော်။  အုတ်ဂျုံခွက်တစ်ဝက်နဲ့ ပျားရည်ကို လိုသလောက်ထည့်ပါ။ ပြီးရင် ရေနွေးနည်းနည်းထည့်ပြီး မွှေပေးပါ။

အဲဒီနောက် မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးအေးနဲ့ထပ်ဆေးချပါ။ အဲဒီနောက် ခြောက်အောင်သုတ်ပေးပြီး အဆီမပါတဲ့ Moisturizer သုံးပေးပါ။  ညအိပ်ယာမဝင်ခင် လုပ်ပေးနိုင်ပြီး တပတ်ကို အနည်းဆုံး တကြိမ် နှစ်ကြိမ် လုပ်ပေးသင့်ပါတယ်နော်။ ဒီပေါင်းတင်နည်းလေးက ဆဲလ်သေတွေကို ဖယ်ရှားပေးရုံသာမက အဆီပိုတွေကိုလည်း ဖယ်ရှားပေးပြီး သင့်အသားအရေကို သဘာဝအတိုင်း နုပျိုကြည်လင်စေမှာဖြစ်ပါတယ်။