အမျိုးသမီးတွေဟာ ဆန်းပွင့်တဲ့အချိန်ဆိုတာ ရှိပါတယ်နော်။ ဆန်းပွင့်တဲ့အချိန်မဟုတ်ရင်တောင် တခါတလေမှာ ကိုယ်လုံးဝ မကြိုက်တဲ့သူတစ်ယောက် ဒါမှမဟုတ် မကြိုက်နိုင်တဲ့သူတစ်ယောက်က အနားကို အမြဲတမ်းလိုက်ကပ်ပြီး ကိုယ့်ကို ချစ်ခွင့်ပန်တာမျိုး ကြုံဖူးကြမှာပါ။ သူတို့တွေကို ဘယ်လိုရှင်းထုတ်မလဲ။

၁။ သူတို့ကို Reply မပြန်ပါနဲ့

ဖုန်းနဲ့ဖြစ်စေ အွန်လိုင်းကဖြစ်စေ စကားပြောလာတဲ့အခါ ပြန်မပြောပါနဲ့။ ဖုန်းကိုလည်းမဖြေပါနဲ့။ ကိုယ်သူ့ကို စိတ်မဝင်စားဘူးဆိုတာ သူတို့သိစေပါ။

၂။ ရည်းစားမထားချင်သေးကြောင်း သူသိစေပါ

သူက ကိုယ့်သူငယ်ချင်းဆိုရင်ပေါ့။ ကိုယ့်အနေနဲ့ ရည်းစားထားရတာ ဘယ်လောက်စိတ်ရှုပ်စရာကောင်းတဲ့အကြောင်း၊ ရည်းစားမထားချင်သေးကြောင်း သူ့ကို စကားကြိုခံပြီးပြောပါ။ ကိုယ့်ကို ကြိုက်နေတဲ့သူဆိုရင် မိန်းကလေးတွေက အလိုလိုသိနေတတ်ကြပါတယ်နော်။

၃။ သူဟာ အကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့အကြောင်း ထပ်ခါထပ်ခါပြောပါ

သင့်မှာအခင်ရဆုံး ယောင်္ကျားလေးသူငယ်ချင်းဆိုလို့ သူပဲရှိတဲ့အကြောင်း သူဟာ သင့်အတွက် ဘယ်လိုသူငယ်ချင်းဖြစ်တဲ့အကြောင်း၊ ကိုယ့်စိတ်က သူ့အပေါ် ဘယ်လောက်ထိဖြူစင်တဲ့အကြောင်း သူသိအောင် ထပ်ခါထပ်ခါပြောလိုက်ပါ။

၄။ သင့်အားနည်းချက်တွေကို သူမြင်ပါစေ

တခါတလေ ကိုယ့်ကို ကြိုက်လို့ မွန်နေတဲ့အချိန်မှာ ကိုယ်ဟာ perfect လို့ မြင်တတ်ပါတယ်။ အဲဒီအခါ သူသတိမထားမိတဲ့ သင့်ရဲ့ အားနည်းချက်တွေကို သူမြင်အောင် လုပ်ပြလိုက်ပါ။ ပျာယာခတ်တာ၊ ညစ်ပတ်တာမျိုးပေါ့။

၅။ သင်ကြိုက်တတ်တဲ့ ယောင်္ကျားလေးပုံစံကို သူသိပါစေ

ကိုယ့်အနေနဲ့ ကိုယ်ကြိုက်တဲ့ သဘောကျတဲ့ ယောင်္ကျားလေးဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်တဲ့အကြောင်း သူ့ကို ပြောပါ။ သူနဲ့ လုံးဝမဖြစ်နိုင်တာ၊ သူနဲ့မတူတာကို မြင်သာအောင် ပြောလိုက်ပါ။

၆။ ပွင့်ပွင့်လင်းလင်းသာပြောလိုက်ပါ

တချို့သူတွေက အရိပ်ပြလို့အကောင်းမမြင်တာလား၊ မမြင်ချင်ဟန်ဆောင်တာလားမသိပါဘူး။ တခါတလေကျရင် သွယ်ဝိုက်သောနည်းနဲ့ ပြောတာဟာ မထိရောက်ပါဘူး။ အဲဒီအခါ သူ့ကိုမချစ်နိုင်ကြောင်း ဒဲ့သာပြောလိုက်ပါ။