ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်ရတာက ပျော်ဖို့မကောင်းပါဘူး။ ဒါဆိုရင် ရန်ဖြစ်ပြီးနောက် ချက်ချင်းမပြေလည်ဘဲ တင်းမာနေတဲ့အခြေအနေမျိုးဆိုရင်ရော…

ထိုအခြေအနေက ပိုဆိုးပါတယ်။ သင်တို့ရဲ့ ဆက်ဆံရေးကို တစ်စစီကွဲကြေပျက်စီးသွားစေနိုင်ပါတယ်။

ဒါဆိုရင် အခြေအနေက တင်းမာသထက် မတင်းမာလာစေအောင်၊ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ပြီးနောက် ပြန်ချစ်လာအောင် ဘယ်လိုအခြေအနေမျိုးတွေကို လိုက်နာသင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

စိတ်ထဲမှာ တေးမထားပါနဲ့

ရန်ဖြစ်တုန်းက ကိုယ့်ကို အထိနာအောင် ဘယ်လိုမျိုး စကားလုံးကြမ်းကြမ်းတွေ သုံးလိုက်သလဲ ဆိုတာမျိုး၊ ကိုယ့်ကို ဘယ်လို ပြုမူလိုက်တယ်ဆိုတာမျိုးတွေကို စိတ်ထဲမှာ တေးမထားပါနဲ့။

ကိုယ်က မနှစ်မြို့ဘူးဆိုရင် ချက်ချင်းဖြေရှင်းပြီး ကိုယ် မကြိုက်ကြောင်း ပြောနိုင်ပါတယ်။ စိတ်ထဲမှာ တေးထားတဲ့အခါ အစိုင်အခဲတစ်ခုလိုဖြစ်သွားပြီး အစိုင်အခဲက တဖြည်းဖြည်းကြီးမားလာတဲ့အခါ သင်တို့ရဲ့အချစ်ခရီးလမ်းသည် လမ်းဆုံးကိုသာ ရောက်သွားပါလိမ့်မယ်။

ငြင်းခုန်ခြင်းကို အသေးစိတ် သုံးသပ်မနေပါနဲ့

ငြင်းခုန်ရန်ဖြစ်ပြီးတဲ့နောက်မှာ သင်တို့နှစ်ယောက် ရန်ဖြစ်ရခြင်းရဲ့ အဓိကအရင်းအမြစ်ကို ခေါင်းအေးအေးထားပြီး စဉ်းစားဖို့လိုအပ်ပါတယ်။ ဒီလိုပြန်လည်သုံးသပ်တဲ့အခါမှာ သင်တို့ပြောလိုက်တဲ့ စကားတစ်လုံးချင်းစီကို အသေးစိတ် ပြန်လည်မသုံးသပ်ပါနဲ့။

နို့မဟုတ်ရင် မပြီးဆုံးနိုင်တဲ့ ရန်ပွဲတွေပဲ ကြုံတွေ့ရပြီး သူရော ကိုယ်ရော စိတ်မချမ်းမသာဖြစ်ရပါတယ်။

ကိုယ့်အမှားကို သေချာဝန်ချတောင်းပန်ပါ

ရန်ဖြစ်တဲ့အခါ သူ့အမှားကိုသာ မြင်ပြီး ကိုယ့်အမှားကို မမြင်မိတတ်ကြပါဘူး။ ကိုယ့်ရဲ့အတ္တကြောင့် ကိုယ့်အမှားကို ဝန်မခံခြင်းက သင်တို့ရဲ့ ဆက်ဆံရေးကို ပိုမိုအေးစက်သွားစေနိုင်ပါတယ်။

ဒါ့ကြောင့် သူ့အမှားချည်းပဲ လက်ညှိုးမထိုးဘဲ ကိုယ့်အမှားအတွက်လည်း တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ အချစ်ရေးမှာ အတ္တကို ရှေ့တန်းတင်တဲ့အခါ သင်တို့ပဲ နာကျင်ကြေကွဲရမှာမဟုတ်လား။

အပြောင်းအလဲဖြစ်အောင် ပြုလုပ်ပါ

သင်တို့နှစ်ယောက်ကြား အခြေအနေတင်းမာမှုကို ဖျောက်ဖျက်ချင်တယ်ဆိုရင် အကြောင်းအရာအသစ်တစ်ခု ပြောင်းလဲလိုက်ပါ။ နှစ်မိနစ်ခန့် ပြောပြီးတဲ့အခါ သူ့ဘက်ကလည်း အတန်ငယ် စိတ်ပြေသွားပါလိမ့်မယ်။