ယုံကြည်မှုဆိုတာက ခိုင်မာတဲ့ Relationship တစ်ခုအတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ယုံကြည်မှုက လွယ်လွယ်နဲ့ရမလာပါဘူး။ ပျက်သွားပြီးရင်လည်း ပြန်လည်တည်ဆောက်ရတာ ခက်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကိုတကယ်ချစ်တယ် လမ်းမခွဲနိုင်ဘူးဆိုရင် ယုံကြည်မှုမပျက်အောင် သစ္စာမဖောက်မိအောင် ကြိုးစားသင့်ပါတယ်။

တကယ်လို့ သစ္စာဖောက်မိပေမယ့် နှစ်ယောက်လုံး လမ်းမခွဲနိုင်ဘူးဆိုရင်တောင်မှာ သစ္စာဖောက်ခံလိုက်ရတဲ့သူအတွက်ကတော့ ယုံကြည်မှု ပျက်သွားပါပြီ။ ယုံကြည်မှုကို သေချာပြန်ရအောင် ကိုယ့်ဘက်က ကြိုးစားသင့်ပါတယ်။

ဆက်သွယ်ပါ

ကိုယ်သစ္စာဖောက်ထားတဲ့အတွက် စိတ်ဆိုးတာ၊ စိတ်နာတာကတော့ ဖြစ်မှာပါပဲ။ အဲ့အတွက် ကိုယ့်ကိုအဆက်အသွယ်ဖြတ်တာမျိုးတွေ လုပ်မှာပါပဲ။ အဲ့တာကို ပစ်ထားတာမျိုးမလုပ်ပဲ မရရအောင် ဆက်သွယ်ပါ။ သစ္စာဖောက်ထားပြီးရင် ဒီလောက်ကတော့ ကြိုးစားအားထုတ်ရမှာ ကိုယ့်တာဝန်ပါပဲ။

တောင်းပန်ပါ

ကိုယ်သစ္စာဖောက်ထားမှတော့ တောင်းပန်ဖို့ကို ဝန်မလေးပါနဲ့။ တစ်ဖက်လူကျေနပ်တဲ့အထိ တောင်းပန်ပါ။ လမ်းမခွဲနိုင်ရင် တောင်းပန်ပြီး နောက်ထပ်မဖြစ်အောင် ဆင်ခြင်ရပါမယ်။ နောက်ထပ်မဖြစ်စေရဘူးဆိုတာမျိုးလည်း ကတိပေးပါ။ ဒါမှ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မှာပါ။

အချိန်ပေးပါ

တစ်ဖက်လူကို စဉ်းစားဖို့အချိန်ပေးပါ။ သူ့စိတ်ပြန်ပြီးအဆင်ပြေလာတဲ့အထိ အချိန်ပေးပါ။ ကိုယ့်ဘက်ကတော့ အမြဲတမ်း ဆက်သွယ်ပြီး တောင်းပန်နေပါ။ စိတ်ရှည်ရှည်နဲ့ သူ့ကိုလည်း အချိန်ပေးပါ။

စကားပြောပါ

တစ်ယောက်နဲ့တစ်ယောက် သေချာညှိုနှိုင်းပြောဆိုပြီး အချိန်ယူကာ စကားပြောပါ။ အတတ်နိုင်ဆုံး တစ်ဖက်လူရဲ့ စကားတွေကိုလည်း နားထောင်ပေးပါ။ လိုက်လျောပေးပါ။

ခွင့်လွှတ်ပါ

သစ္စာဖောက်ခံရတဲ့သူကလည်း လမ်းမခွဲနိုင်ဘူးဆိုရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ ဒါမှလည်း ရှေ့ဆက်ပြီး အဆင်ပြေမှာပါ။ တကယ်လို့ ခွင်မလွှတ်နိုင်ရင်တော့ လမ်းခွဲတာ အကောင်းဆုံးပါပဲ။

အတိတ်ပြန်မဆွပါနဲ့

တစ်ယောက်နဲ့တစ်ယောက်လည်း လမ်းမခွဲနိုင်ဘူး။ သစ္စာဖောက်တဲ့သူကလည်း တောင်းပန်ပြီး ကျေနပ်တဲ့အထိ လုပ်ပေးပြီးပြီ၊ တစ်ဖက်လူကလည်း ခွင့်လွှတ်ပြီး လက်ခံပေးပြီးပြီဆိုရင် ရှေ့ဆက်ပြီး အဆင်ပြေအောင်နေဖို့ပဲ ရှိပါတော့တယ်။ ထပ်မလုပ်ဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် တစ်ခုခုဆိုရင် အတိတ်ကိုပြန်မဆွပါနဲ့။ အတိတ်ကိုပြန်ဆွရင် ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါဘူး။