ဓါတ်ပုံ ရိုက်တဲ့အခါ အမြဲတမ်းကြည့်ကောင်းနေတဲ့သူ တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် Professional Model တွေလို ပိုစ့်ပေးတတ်မှ မဟုတ်ပါဘူးနော်။ လွတ်လွတ်လပ်လပ် ပေ့ါပေါ့ပါးပါး နဲ့ ကိုယ့်ပုံစံလေးအတိုင်း သဘာဝကျတဲ့ ပုံလေးတွေရဖို့ နည်းလမ်းကောင်းတွေရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဓါတ်ပုံရိုက်တဲ့အခါ ဖက်ရှင်ကျပြီး သဘာဝဆန်တဲ့ ပုံလေးတွေရရှိဖို့  ကိုယ်နေဟန်ထားလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) လက်ပိုက်ထားတဲ့ ကိုယ်တပိုင်းပုံ

ပထမဆုံး အရမ်းလွယ်ကူတဲ့ ပိုစ်လေးနဲ့ စလိုက်ရအောင်။ လက်နှစ်ဖက်ကိုပိုက်ကာ ခန္ဓာကိုယ်ကို ဘေးတစ်ဖက်ကို စောင်းထားပြီး မေးစေ့ကို ကင်မရာ တည့်တည့်မှာထားပြီး ပြုံးပါ။ ဒါမှမဟုတ် ကိုယ်က အခုပုံမှာပြထားသလိုမျိုး အဝေးကို ကြည့်နေပြီး တခုခုကို ဆွေးနေသလိုမျိုးလေးလည်း ပို့စ်ပေးလို့ရပါသေးတယ်။

(၂) လက်ပိုက်ထားတဲ့ တစ်ကိုယ်လုံးပုံ

နောက်တစ်ပုံကတော့ လက်ပိုက်ထားတာကိုပဲ တစ်ကိုယ်လုံးအပြည့် ရိုက်တာပါ။ အပေါ်က ကိုယ်တစ်ပိုင်းပုံလိုပဲ ကိုယ်နေဟန်ထားကအတူတူပဲဖြစ်ပြီးတော့ အောက်ပိုင်းအနေနဲ့တော့ ခြေထောက်၂ ဖက်ကို ယှက်ထားရမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်အလေးချိန်က ခြေထောက်နှစ်ဖက်စလုံးမှာ တူညီမနေဖိုတော့ လိုပါတယ်။

(၃) တင်ပါးပေါ်  လက်တစ်ဖက်တင်တဲ့ပုံ

တော်တော်များများ ဓါတ်ပုံ ရိုက်တဲ့အခါ လက်ကိုဘယ်ထားရမှန်း မသိကြပါဘူး။ ဒါပေမယ့် လက်အနေအထားကပဲ ကိုယ့်ပုံစံက စိတ်ရှုပ်နေလား၊ မသက်မသာဖြစ်နေလား၊ ရှက်နေတာလားဆိုတာ သိသာစေတာပါ။ ဒါ့ကြောင့် လက်တစ်ဖက်ကို တင်ပါးအထက်နားမှာထားပြီး ခပ်ယိုင်ယိုင်ပုံစံရပ်နေတာက လွတ်လပ်တဲ့ ပုံစံပေါက်စေပါတယ်။

(၄) လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားတဲ့ပုံ

ဒါကတော့ မတ်တတ်ရပ်နေတဲ့အခါ ရိုက်လို့ရမယ့် ပေါ့ပေါ့ပါးပါး ကိုယ်နေဟန်ပန်ပါပဲ။ ခန္ဓာကိုယ်အလေးချိန်ကို ခြေနှစ်ချောင်းစလုံးမှာ ညီအောင်ထားပြီး လက်တွေကို အိတ်ကပ်ထဲထည့်ထားဖို့ပါ။ ဒါပေမယ့် လက်တွေကို အိတ်ကပ်ထဲထည့်တဲ့အချိန်မှာ လက်မကိုအပြင်ထုတ်ထားဖို့ အကြံပြုချင်ပါတယ်။  ဒါက သဘာဝကျပြီး သက်တောင့်သက်သာရှိစေတဲ့ ကိုယ်ဟန်အနေအထားကို ရရှိမှာပါ။