ဓာတ်ပုံရိုက်လိုက်တိုင်း ကိုယ်ဟန်အနေအထား ကောင်းကောင်း မလုပ်တတ်လို့ စိတ်ညစ်နေလား? ဓာတ်ပုံရိုက်မယ်လို့ပြောလိုက်တာနဲ့ ကင်မရာရှေ့မှာ သဘာဝအတိုင်း နေတတ်သူတွေ ရှိသလို ဘယ်လိုနေရမှန်း မသိတော့ဘဲ တောင့်တောင့်ကြီးဖြစ်သွားတတ်တဲ့ လူတွေလည်း ရှိပါတယ်၊။ ဒါဟာ တကယ်တော့ ပြဿနာမဟုတ်ပါဘူးနော်။ ဓာတ်ပုံ ရိုက်တော့မယ်ဆိုရင် အရင်ဆုံး စိတ်ကိုပေါ့ပေါ့ပါးပါးလေးထားလိုက်ပါ။ Pose အရမ်းကြီးမပေးဘဲ သဘာဝကျကျနဲ့ ပုံလှလှလေးတွေ ရဖို့အတွက်တော့ ဘယ်လိုနေရမလဲ ဆိုတာကိုတော့ အောက်ပါဖော်ြပပေးထားပါတယ်နော်။

အကောင်းဆုံးထောင့်ကိုရှာပါ

ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာတခြမ်းနဲ့တခြမ်းက မတူပါဘူး။ အများစုမှာ မျက်နှာဘယ်ဘက်အခြမ်းက ညာဘက်အခြမ်းထက် ပိုကြည့်ကောင်းတတ်ကြပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့အခါ အတည့်ရိုက်နေတာထက် ဘယ်ဘက်ကနေ ပြောင်းရိုက်ကြည့်ပါ။

ခေါင်းကို စောင်းထားပါ

ဘယ်ဘက်က အကောင်းဆုံးထောင့်ဖြစ်တယ်ဆိုတာ သိလာပြီဆိုရင် နောက်ထပ်အကောင်းဆုံးနည်းတစ်ခုက တော့ ခေါင်းလေးကိုစောင်းလိုက်ပါ။ တမျိုးလေး ဆွဲဆောင်မှုရှိနေမှာပါ။

၄၅ ဒီဂရီလှည့်ပါ

ယောက်ျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ဓာတ်ပုံရို်က်တဲ့အခါ ကင်မရာဘက်ကို တည့်တည့်မျက်နှာမူမည့်အစား ခန္ဓာကိုယ်ကို တဖက်လှည့်ပြီးမှ နည်းနည်းပြန်လှည့်လိုက်ပါ။ ခန္ဓာကိုကောက်ကောင်းကို ပေါ်လွင်စေသောကြောင့် ပိ်န်တယ်လို့လည်း ထင်စေရပါတယ်။

ကိုယ်အလေးချိန်ကို ခြေထောက်တစ်ဖက်တည်းမှာထားပါ

ဓာတ်ပုံရိုက်တဲ့အခါ ဒီအတိုင်းမတ်တပ်ရပ်နေမယ့်အစား ခြေထောက်တဖက်ပေါ် နည်းနည်းလေး အားထည့်ပြီး ရပ်လိုက်ပါ။ တခြားခြေထောက်တစ်ဖက်က ဒူးကိုတော့ ကွေးပြီး   ဘေး ဒါမှမဟုတ် အရှေ့ကိုထုတ်လိုက်ပါ။

လက်ကို‌ပျော့ပျော့ပျောင်းပျောင်းထားပါ

ဓာတ်ပုံရိုက်တဲ့အခါ လက်ကိုတောင့်တောင့်ကြီးထားမယ့်အစား သက်တောင့်သက်သာဖြစ်အောင် ပေါ့ပေါ့ပါးပါးလေးနေပါ။