အခုရက်ပိုင်း ရာသီဥတုအပူချိန်က ပိုတိုးလာနေပါတယ်။ အထူးသဖြင့် မြို့ပြ တိုက်ခန်းတွေမှာ နေထိုင်သူတွေအတွက် အပူဒဏ်က ပိုပြီး ပြင်းပြင်းရှရှ ခံစားကြရပါတယ်။ ရာသီဥတု အရမ်းပူချိန်မှာ ကောင်းကောင်းနေလို့ မရသလို လေအေးပေးစက်မရှိပဲ အိပ်ပျော်ဖို့တောင် မလွယ်လှတဲ့ အခြေအနေပါ။

ဒီလိုအခြေအနေမှာ တတ်နိုင်သမျှ အပူဒဏ်ကို ကျော်လွှားနိုင်ဖို့ နည်းလမ်းကောင်းတချို့  မျှဝေပေးချင်ပါတယ်။ လေအေးပေးစက်မရှိပဲ နွေအပူဒဏ်ကို ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာ ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်ပါ။

(၁) နေ့အချိန်မှာ အခန်းကို အေးမြနေပါစေ

ကိုယ့်နေအိမ်အခန်းကို အေးနေစေဖို့ လေဝင်လေထွက်ကောင်းကောင်း ရဖို့လိုပါတယ်။ အပြင်မှာ အပူချိန် ၇၅ ဒီဂရီဖာရင်ဟိုက်နဲ့အထက် မြင့်တက်နေချိန်မှာ ပြတင်းပေါက်တွေကို ပိတ်ထားပြီး အပူချိန်လျော့သွားတဲ့အခါမှသာ ပြတင်းပေါက်တွေကို ပြန်ဖွင့်လိုက်ပါ။ ပုံမှန်အားဖြင့် တစ်နေ့တာရဲ့ အပူချိန်အနိမ့်ဆုံးအချိန်က မနက် (၄) နာရီနဲ့ မနက် (၇) နာရီကြားဖြစ်တာကြောင့် မနက်ပိုင်းနဲ့ ည (၈) နာရီနောက်ပိုင်းမှာ ပြတင်းပေါက်တွေ ဖွင့်ထားပေးသင့်ပါတယ်။

တိုက်ခန်းကို နေပူဒဏ်ကနေ ရှောင်ရှားဖို့အတွက် မှန်ကန်တဲ့ လိုက်ကာတွေ အသုံးပြုပေးဖို့ကလည်း အရေးကြီးပါတယ်။ အဖြူရောင် ပိတ်ချောလိုက်ကာတွေ အသုံးပြုတာကတော့ အကောင်းဆုံးပါပဲ။

တိုက်ခန်းအတွင်းမှာ အပူအောင်းနေတာမျိုး မဖြစ်စေချင်ဘူးဆိုရင်တော့ ကော်ဇော၊ ခင်းနှီး နဲ့ ဆိုဖာခေါင်းအုံးတွေလို ဖုန်မှုန့်တွေကို စုပ်ယူထားတဲ့ အရာတွေ ဖယ်ရှားတာက ပိုကောင်းပါတယ်။ ဒီလိုလုပ်ပေးလိုက်ခြင်းအားဖြင့် လေကို ပိုပြီးသန့်စင်သွားစေပြီး ပိုပြီးအေးမြလာပါလိမ့်မယ်။

အခန်းထဲကို လေဝင်လာစေတဲ့ ပြတင်းပေါက်တွေမှာ တဘက်ကို ရေစွတ်ပြီး လှမ်းထားလိုက်ပါ။ ဒါက အိမ်ခန်းအတွင်းကို အေးမြနေစေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါပေမယ့် ရေစိုတဘက်ကို တစ်ညလုံးတော့ မချိတ်ထားပါနဲ့။ အခန်းအတွင်း စိုထိုင်းဆ မြင့်တက်လာနိုင်လို့ပါ။

ဟိုးအရင်ခေတ် လေအေးပေးစက်တွေ မရှိခဲ့စဉ်မှာ လူတွေဟာ ကြမ်းပြင်ကို စိုစွတ်အောင် လုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ အခန်းအပူချိန်ကို ချက်ချင်းကျဆင်းသွားစေပြီး အိပ်ရတာ ပိုပြီးသက်တောင့်သက်သာ ရှိစေပါတယ်။

(၂) မျက်နှာကြက် ပန်ကာတွေကို အသုံးပြုပါ

မျက်နှာကြက် ပန်ကာတွေက တန်ဖိုးအားဖြင့် ဈေးသက်သာတဲ့အထဲမှာ ပါပါတယ်။ အခန်းရဲ့ မျက်နှာကြက်မှာ ပန်ကာတပ်ဆင်ထားခြင်းဟာ နေအိမ်အခန်းကို‌ ကောင်းကောင်း အေးမြအောင် ကူညီပေးပါလိမ့်မယ်။ ဒီလိုပန်ကာ အမျိုးအစားရှိတယ်ဆိုရင် Summer Mode ကို ဖွင့်ထားဖို့လိုပါတယ်။

ပန်ကာ တော်တော်များများက မတူညီတဲ့ ရာသီတွေအတွက် Mode (၂) ခုရှိပါတယ်။ အကယ်၍ ခလုတ်ရှာမတွေ့ပါက ပန်ကာရွက်များကို စစ်ဆေးကြည့်ပါ။ ပန်ကာ ရွက်တွေက လက်ယာရစ်အတိုင်း လှည့်နေဖို့ လိုပါတယ်။ ဒါမှ လေကို အပေါ်သို့ တွန်းပို့ပေးမှာပါ။

(၃) အိမ်လုပ် လေအေးပေးစက် ဖန်တီးပါ

ပုံမှန်ပန်ကာတစ်လုံးက အခန်းအတွင်းလေတွေကို ရွေ့လျားစေနိုင်တယ်ဆိုပေမယ့် အခန်းအပူချိန်ကိုတော့ အမှန်တကယ်လျော့ချမပေးနိုင်ပါဘူး။ ဒါပေမယ့် ရိုးရိုးပန်ကာတစ်လုံးကို လေအေးပေးစက်တစ်လုံးအဖြစ် ပြောင်းလဲလို့ ရနိုင်ပါတယ်။ ရေခဲရေဘူး ဒါမှမဟုတ် ရေခဲထည့်ထားတဲ့ ဘူးတစ်ဘူးကို ပန်ကာအရှေ့မှာ ချိတ်ထားလိုက်ပါ။

ဒါဆို အခန်းအတွင်း အေးမြတဲ့လေကို ခံစားရရှိပါလိမ့်မယ်။ အပူပြင်းတဲ့အချိန်တွေမှာ ရေဘူး ၂ ဘူး ပန်ကာရှေ့မှာ ဘယ်ညာချိန်ထားနိုင်ပြီး ရေဘူးတွေကို ၄ – ၅ နာရီခြား တစ်ခါလဲလှယ်ပေးနိုင်ပါတယ်။

(၄) အိပ်ရာကို အေးမြနေပါစေ

အိပ်ရာခင်းတွေကို ဖဲသား သို့မဟုတ် ပူတဲ့အဝတ်စတွေနဲ့ ချုပ်လုပ်ထားတယ်ဆိုရင် ချည်အိပ်ရာခင်းတွေ လဲလှယ်လိုက်တာ ပိုကောင်းပါတယ်။ ချည်သား အိပ်ရာခင်းတွေက ချွေးကို ကောင်းကောင်းစုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ကို အေးမြစေပါတယ်။

ညအိပ်ဝတ်စုံ Pajamas တွေကိုလည်း ချည်သားနဲ့ ချုပ်လုပ်ထားတဲ့ အထည်တွေကို ဝတ်တာက ပိုပြီးအသက်ရှုချောင်စေပြီး ကောင်းစွာအိပ်ပျော်စေမှာ ဖြစ်ပါတယ်။

အိပ်ရာကို အေးမြစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုကတော့ အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးစွပ်တွေကို မအိပ်ခင် ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ အိပ်ရာဝင်တော့မှ ရေခဲသေတ္တာထဲက အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ခင်းပြီးအိပ်လိုက်ပါ။ ဂွမ်းကပ်တွေကိုတော့ ရေခဲသေတ္တာထဲ မထည့်ပါနဲ့။ အကြောင်းကတော့ ဖျားနာခြင်းတွေကို ဖြစ်လာစေနိုင်လို့ပါ။

မွေ့ရာတွေက အပူချိန်ကို ထိန်းထားနိုင်တာကြောင့် ဆောင်းရာသီအတွက် ကောင်းပေမယ့် နွေရာသီမှာတော့ မွေ့ရာတွေနဲ့ မအိပ်သင့်ပါဘူး။ အကယ်၍ မွေ့ရာနဲ့ အိပ်မယ်ဆိုရင်လည်း အပေါ်ကနေ ချည်သား အိပ်ရာခင်းကို ခင်းပြီးမှ အိပ်စက်သင့်ပါတယ်။

Featured Photo : Luminor