ကိုယ်က အရူးအမူး ချစ်ပြလိုက် သူက ပေါ့ပေါ့ပါးပါး ပစ်ချလိုက်နဲ့ အချစ်ရေးမှာ ကံခေနေပါသလား။ ပိုချစ်ရတဲ့သူက ပိုခံစားရစမြဲပါပဲ။ သစ္စာမရှိတဲ့ သူတစ်ယောက်ကို ချစ်မိခဲ့တဲ့အတွက်ကြောင့် အချစ်ဆိုတာ နောက်ထပ်တောင် လက်တည့်မစမ်းချင်တော့လောက်အောင် ဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။
သစ္စာမဲ့တဲ့သူတွေအတွက်တော့ အချစ်ဆိုတာ ကစားစရာလေးပဲ ဖြစ်ပါတယ်။ ဒီလိုလူမျိုးကို ချစ်မိတဲ့အတွက်ကြောင့် ကြေကွဲနေရမယ်ဆိုရင် တစ်ရက်၊ နှစ်ရက် တော်ပြီပေါ့။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီလိုမျိုး သစ္စာမရှိတဲ့ လူတစ်ယောက်အတွက် ကြေကွဲနေမယ်ဆိုရင် သင်ပဲ ရှုံးသွားပါလိမ့်မယ်။
သူ့ဘက်ကလည်း သစ္စာမဲ့မှတော့ ကိုယ့်ဘက်ကလည်း ခပ်ပြတ်ပြတ်ပဲ နေရမှာပေါ့။ မဟုတ်ဘူးလား။ တကယ်လို့ သင့်အနေနဲ့ ထိုအသည်းကွဲ ဝေဒနာကို မခံစားနိုင်ဘူးဆိုရင်တော့ ဒီနည်းလမ်းကောင်းများကို အသုံးချနိုင်ပါတယ်။
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့
“ငါက အသုံးမကျလို့ ငါ့အပေါ်မှာ သစ္စာမဲ့ပြီး အခြားတစ်ယောက်နဲ့ ဖောက်ပြန်သွားတာနေမှာ” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်လိုက်ပါနဲ့။ ဖောက်ပြန်တဲ့ ဗီဇရှိသူတွေက သကြားမင်း ဆင်းချွတ်တောင် ကျွတ်မှာ မဟုတ်ပါဘူး။
ကိုယ့်ဘက်က ဘယ်လောက်ပဲ ဖြည့်ဆည်းပေးပေး၊ ဘယ်လောက်ပဲ ကောင်းပေးနေပါစေ၊ နောက်လူနဲ့ ဖောက်ပြန်မှာပါပဲ။ သူ ဖောက်ပြန်သွားတာသည် သင်နှင့် မဆိုင်ပါဘူး။ သူ့ရဲ့ ဗီဇသာဖြစ်ပါတယ်။
ကိုယ် ယုံကြည်ရတဲ့သူ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ
တစ်ယောက်တည်း ကြိတ်ခံစားနေရတာသည် ပိုပြီး နာကျင်ခံစားရပါတယ်။ ဒါ့ကြောင့် သင့်အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ယောက်ထံ ရင်ဖွင့်လိုက်ပါ။ မူးချင်သလောက် မူးပစ်လိုက်ပါ။ သို့သော် ဒီ အချက် (၃) ချက်ကိုတော့ သတိထားရပါမယ်။
(၁) အသည်းကွဲတဲ့ ရက်ကို နည်းနိုင်သမျှ နည်းအောင် လျော့ချပါ။ ဖြစ်နိုင်ရင် တစ်ညလောက်ပဲ အသည်းကွဲပါ။
(၂) မိဘတွေရှေ့မှာ အသည်းကွဲ မူးရူးနေတဲ့ပုံစံ မပြပါနဲ့။ သူတို့တွေ စိတ်မကောင်းဖြစ်သွားပါလိမ့်မယ်။
(၃) မူးနေတဲ့ အချိန်မှာ ဖောက်ပြန်သွားတဲ့လူကို ဖုန်းဆက်ပြီးတော့ “ပြန်လာခဲ့ပါလားဟာ၊ ငါ နင် မရှိရင် မနေနိုင်လို့ပါ” ဆိုပြီး မတောင်းပန်ပါနဲ့။
သစ္စာမဲ့တဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ
ခွင့်လွှတ်ခြင်းက ငြိမ်းအေးခြင်းပါပဲ။ အသည်းကွဲ ဝေဒနာကို မြန်မြန်ဆန်ဆန် ကျော်လွှားချင်ပါက သူ့ကို မြန်မြန် ခွင့်လွှတ်ပေးလိုက်ပါ။ ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်လို့ပဲ မှတ်ယူလိုက်ပါ။ သူ့ထက် အဆ ထောင်ပေါင်းများစွာ ပိုကောင်းတဲ့ လက်တွဲဖော်ကို ပြန်လည်ပိုင်ဆိုင်ရရှိပါလိမ့်မယ်။
မိမိကိုယ်ကို ဂရုစိုက်ပါ
အစားကို အချိန်မှန်မှန်စားပါ။ ကိုယ်ခန္ဓာ ကျန်းမာပြီး အဆီပိုများ ကင်းဝေးကာ ဆွဲဆောင်မှု ကောင်းချင်တယ်ဆိုရင်တော့ Gym သွားကာ လေ့ကျင့်ခန်း သွားဆော့နိုင်ပါတယ်။ အိပ်ရေး ဝဝ အိပ်စက်ပါ။
အရင်က သူ့အတွက် အချိန်ပေးခဲ့လို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်မိခဲ့တဲ့ အချိန်တွေအတွက် အတိုးချကာ ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်လိုက်ပါ။ ကိုယ်ဝါသနာပါတဲ့ အရာများအတွက်လည်း အချိန်ပေးပါ။ ပျော်ပျော်ပါးပါး အပြင်ထွက် သွားလာပါ။
နောက်ထပ် Relationship တစ်ခုကို အလျင်စလို လုပ်ယူခြင်းမှလည်း ရှောင်ကြဥ်ပါ
သစ္စာမဲ့သွားတဲ့လူကို အရွဲ့တိုက်ချင်စိတ်နဲ့ နောက်ထပ်တစ်ယောက် မြန်မြန်ထားတာကရော နောက်တစ်ယောက်အတွက် တရားပါ့မလား။ ဒီလိုပြုလုပ်ခြင်းဟာ စောစောက ရည်းစားဟောင်းအပေါ်မှာ သင် စိတ်မပြတ်နိုင်သေးကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။
တကယ်လို့ ရည်းစားသစ်နဲ့ Relationship အသစ်တစ်ခု တည်ဆောက်နေချိန်မှာ ရည်းစားဟောင်းက ပြန်လာချင်တယ်ဆိုရင် သင့်စိတ်ကို နိုင်ရဲ့လား။ ဒီလို အချက်တွေကြောင့် ကိုယ် တကယ်ချစ်တဲ့သူတစ်ယောက် မတွေ့မချင်း အချိန်တစ်ခုကိုစောင့်ကာ နောက်ထပ် ရည်းစားအသစ်တစ်ယောက်ထားဖို့ သေချာအချိန်ယူသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး တစ်ချက်က အခြားတစ်ယောက်နဲ့ ဖောက်ပြန်ပြီး ကိုယ့်အပေါ်သစ္စာမဲ့ခဲ့ဖူးတဲ့ သူတစ်ယောက်ကို အမှတ်သည်းခြေမရှိဘဲ နောက်တစ်ကြိမ် ထပ်တွဲရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲနော်။