လျစ်လျူမရှုသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုကတော့ အထီးကျန်ခြင်းဆိုတဲ့ စိတ်အခြေအနေပါပဲ။ အထီးကျန်မှုတွေ တစ်စထက်တစ်စ ကြီးစိုးလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာရေးကို အဆုံးစွန် ထိခိုက်လာစေပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်လာနိုင်ပါတယ်။

တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားနေရတဲ့အခါမှာ ဆိုးရွားတဲ့ အထီးကျန်ခြင်း ဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ကြင်နာတတ်အောင် လေ့ကျင့်ပါ

ခက်ခဲတဲ့အခိုက်အတန့်တွေမှာ ကိုယ့်ကိုယ်ကို ကြင်နာတတ်ဖို့ အရေးကြီးပါတယ်။ အထီးကျန်တယ်လို့ ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ် ထပ်တင်တာက အကူအညီ ဖြစ်စေမှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာအောင် ပြောဆိုတာတွေ အပြစ်တင်နေတာတွေက အထီးကျန်တဲ့ ဝေဒနာကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် အထီးကျန်သလို ခံစားနေရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အရင်ကထက်ပိုပြီး ဂရုစိုက် ကြင်နာပေးပါ။

(၂) လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပါ

နည်းပညာတိုးတက်လာမှုနဲ့အတူ ဆိုရှယ်မီဒီယာတွေပေါ်ကနေ လူတွေအများကြီးနဲ့ ချိတ်ဆက် ဆက်သွယ်မှုတွေ အလွယ်တကူ လုပ်ဆောင်လာနိုင်ပြီဆိုပေမယ့် ဒါဟာအထီးကျန်မှုကို ပိုပြီး ဖြစ်စေတဲ့ အဓိကတရားခံလို့ သုတေသီတွေက ဆိုထားပါတယ်။

လူတွေဟာ အွန်လိုင်းပေါ်မှာပဲ အချိန်ဖြုန်းတာများလာတဲ့အခါ ပြင်ပလောက က လူတွေ့နဲ့ ချိတ်ဆက် ဆက်သွယ်မှုတွေ လျော့နည်းလာပြီး လက်တွေ့ဘဝနဲ့ ဝေးကွာလာစေတာ ဖြစ်ပါတယ်။

ဒါကြောင့် အွန်လိုင်းပေါ်က မဟုတ်ပဲ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်မှာ တွေ့ဆုံပါ။ မျက်နှာချင်းဆိုင် စကားဝိုင်းဖွဲ့ ပြောဆိုတာတွေ လုပ်ပေးသင့်ပါတယ်။

(၃) အဆိုးမြင်အတွေး သံသရာကို ရပ်တန့်ပါ

အထီးကျန်တဲ့အချိန်မှာ ခံစားချက်နဲ့ အတွေးတွေက အဆိုးဘက်ကိုပိုပြီး အားသာနေတက်ပါတယ်။ အထီးကျန်မှုကို ပြေလျော့ဖို့ဆိုရင် အဆိုးမြင်နေတဲ့ အတွေးတွေကို ရပ်တန့်ပြီး အာရုံပြောင်းလိုက်ဖို့ လိုပါတယ်။

အဆိုးမြင်အတွေး သံသရာကို ရပ်တန့်ဖို့ ဝါသနာပါတဲ့ အရာတွေလုပ်ဆောင်တာ ၊ တီထွင်ဆန်းသစ်မှု တစ်ခုခု လုပ်ဆောင်တာတွေနဲ့ အာရုံပြောင်းလဲလိုက်ပါ။

(၄) အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပါ

အထီးကျန်နေသူတွေအတွက် အကောင်းဆုံး အဖော်မွန်ကောင်းလေးတွေကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ ခွေးလေးတွေ ၊ ကြောင်လေးတွေနဲ့ အချိန်ကုန်ဆုံးရတာဟာ အထီးကျန်ခြင်းတွေကို သက်သာစေပြီး စိတ်ပျော်ရွှင်လန်းဆန်းရစေပါတယ်။

သူတို့လေးတွေက သင့်ရဲ့ တစ်နေ့တာ အချိန်တွေမှာ အကောင်းဆုံး အဖော်ပြုပေးမှာဖြစ်ပြီး အထီးကျန်တယ်လို့ထိုင်ပြီး ခံစားမနေရအောင်လည်း အလုပ်တွေအများကြီး ပေးပါလိမ့်မယ်။