လူသားဆန်ခြင်းရဲ့ သွင်ပြင်တစ်ခုက ချစ်တတ်တာပါပဲ။ လူတိုင်းဟာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ချစ်ခဲ့ဖူးသလို တစ်ခါတစ်လေမှာ အသည်းကွဲခြင်းဆိုတာကိုလည်း ရှောင်လွှဲလို့ မရတတ်ပါဘူး။

ချစ်သူစုံတွဲတွေအကြားက တစ်ယောက်ကို တစ်ယောက်ထားရှိတဲ့ မေတ္တာ အစီအစဉ်ပျက်စီးသွားပြီးနောက် အသည်းကွဲခြင်းဟာ အိပ်မရတဲ့ ဝေဒနာတစ်ခုလို ၊ ခံတွင်းပျက်သွားတဲ့ ခံစားချက်တစ်ခုလို ၊ မိုင်ပေါင်းများစွာ မနားတမ်း ပြေးလာခဲ့သူလို မောပန်းနွမ်းချိစရာအဖြစ် ရောက်လာနေပြီ ဖြစ်ပါတယ်။

အသည်းကွဲခြင်းဟာ ရောဂါမဟုတ်ပေမယ့် ကုစားရမယ့် စိတ်အခြေအနေပါ။ အသည်းကွဲတဲ့အနေအထားမှာ ကြာကြာရှိနေလေလေ အန္တရာယ်ရှိလေလေပါပဲ။ ဒီတော့ အသည်းကွဲလာပြီဆိုရင် အခုလို ကုစားဖို့ ပြင်သင့်ပါတယ်။

(၁) အရှိတိုင်း လက်ခံလိုက်ပါ

ဘယ်လောက်ပဲ ချစ်ခဲ့သည်ဖြစ်စေ နှစ်ဦးသား လမ်းခွဲကြရပြီဆိုရင် ရှိခဲ့တဲ့ အကြင်နာနဲ့ အမှတ်တရတွေဟာ အတိတ်ပြတိုက်မှာ ကျန်နေခဲ့ပြီဆိုတာ သိထားဖို့ လိုပါတယ်။ အရှိတိုင်း လက်ခံဖို့အတွက် ကိုယ့်ရဲ့ ရင်ထဲက ဆန့်ကျင်နေတဲ့ အသံတွေကို ထိန်းချုပ်ရတော့မှာပါ။ အခုအခြေအနေဟာ အရင်လို ပြန်မဖြစ်နိုင်တော့တဲ့ အခြေအနေဆိုတာ လက်ခံလိုက်ပါ။

(၂) ရင်ဖွင့်ပါ

အခု နာကျင်နေရမယ်။ ဒါကို လူတိုင်းလည်း ကိုယ့်မျက်နှာမှာ စာရေးထားသလို မြင်ကောင်း မြင်နေပါလိမ့်မယ်။ ဒီဝေဒနာကို ဖွင့်ထုတ်ရတော့မှာပါ။ ကိုယ့်ရင်ထဲက ဒဏ်ရာဟာ ပြည်တည်ပြီး လှိုက်စားတဲ့အဆင့်မရောက်ခင် ခွဲထုတ်ဖို့ လိုပါတယ်။ အရင်းနှီးဆုံး မိတ်ဆွေကိုပဲ ဖြစ်ဖြစ် သူစိမ်းတစ်ယောက်ကိုပဲ ဖြစ်ဖြစ် ရင်ဖွင့်လို့ ရပါတယ်။ ပြီးရင်တော့ ပိုကောင်းတဲ့ အခြေအနေအတွက် ပြင်ဆင်ရတော့မှာပါ။

(၃) ခရီးသွားဖို့ ဖိနပ်စီးလိုက်ပါ

ကိုယ့်ကို နာကျင်စေခဲ့တဲ့ အရာတွေကို မေ့ပစ်ဖို့နဲ့ ကမ္ဘာကြီးရဲ့ ထူးခြားတဲ့ တသီးတသန့်ဖြစ်မှုတွေ ရှာဖို့ ခရီးထွက်လိုက်ပါ။ စွန့်စားရတဲ့ ခရီးမျိုး ၊ သဘာဝဆန်ပြီး လွတ်လပ်ကျယ်ပြောတဲ့ နေရာမျိုးမှာ အတွေ့အကြုံသစ်တွေ ရှာလိုက်ပါ။

(၄) စိတ်အားဖြည့် ရုပ်ရှင်တွေ ကြည့်ပါ

ခရီးသွားဖို့ အဆင်မပြေဘူးဆိုရင်တော့ ကိုယ့်အခန်းထဲကနေ ကမ္ဘာကြီးကို ပုံရိပ်ယောင်နဲ့ ဖော်ကြည့်လို့ ရပါတယ်။ အတ္တုပတ္တိကားတွေ ၊ ဟာသရုပ်ရှင်တွေနဲ့ စိတ်ကို အနားပေးနိုင်ပါတယ်။

(၅) ပုံစံပြောင်းပါ

ကိုယ့်ရဲ့ Style ကို ပြောင်းဖို့အတွက် ဒီအချိန်က အကောင်းဆုံးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေမယ့် ဆံပင်ပုံစံနဲ့ အဝတ်အစား ဒီဇိုင်းတွေအပြင် Workout လုပ်တာ ၊ ရေကူးတာတွေ လုပ်သင့်ပါတယ်။

(၆) တိုးတက်စေမယ့် ဝါသနာတစ်ခု လုပ်ပါ

Self-Development အတွက် Gym ကစားတာ ၊ Skill တစ်ခုခု သင်တာ ၊ ဂီတတူရိယာတစ်ခုခု အတီးသင်တာ လုပ်သင့်သလို ယောဂနဲ့ တရားထိုင်တာလိုမျိုး စိတ်ဓါတ်မြှင့်တင်ရေး အလေ့အကျင့်တွေပါ လုပ်သင့်ပါတယ်။

(၇) ခွေးတစ်ကောင် မွေးပါ

ကိုယ့်မှာ အဖော်မဲ့သွားပြီဆိုတဲ့ အချိန်မှာ ခွေးတစ်ကောင်ဟာ ကိုယ့်ရဲ့ မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ခွေးမမွေးချင်ရင် ကြောင် ၊ ငှက် ၊ ငါး တစ်ကောင်ကောင် မွေးနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ကို ချစ်ခင်တဲ့ အပေါင်းအဖော်တစ်ခုခု ရှာဖို့ပါပဲ။