လှနေမှ ဆွဲဆောင်မှု ရှိတာ မဟုတ်ပါဘူး။ သင့်အမူအရာ၊ သင့်နေထိုင်ပုံတွေ အပေါ် အခြေခံပြီး ဆွဲဆောင်မှု ရှိမရှိ အဖြေထွက်တတ်ပါတယ်။ လှလွန်းတဲ့သူတွေထဲမှာလည်း ဆွဲဆောင်မှု မရှိသူတွေ ရှိပါတယ်။ မိတ်ကပ်လိမ်းမှ ဆွဲဆောင်မှုရှိတာလည်း မဟုတ်ပြန်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ဘာမှသိပ်မပြင်ဆင်ဘဲနဲ့ကို ဆွဲဆောင်မှု ပိုရှိစေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် ကြိုးစားပါ
သင်က တခြားသူအပေါ် ထိခိုက်အောင် မလုပ်သရွေ့ သင့်ကိုယ်သင် ယုံကြည်မှု ရှိရှိ နေထိုင်နိုင်ပါတယ်။ ယုံကြည်မှု ရှိခြင်းဆိုတာက ညတွင်းချင်း ပေါ်လာတာ မဟုတ်တာမို့ တဖြည်းဖြည်း ကျင့်ယူရတဲ့ အလေ့အကျင့် တစ်ခု ဖြစ်ပါတယ်။
၂။ စောဒက တက်တတ်တဲ့ အကျင့်ကို ပြင်ပါ
ရာသီဥတု ပူရင်လည်း ပူလိုက်တာ၊ ရည်းစား မရှိရင်လည်း အထီးကျန်လိုက်တာ၊ အချိန်တိုင်း ပိုက်ဆံ မရှိဘူး စသဖြင့် ငြီးငြူနေတတ်သူတွေကို သင်မြင်ဖူးမှာပါ။ သူတို့က အချိန်တိုင်းကို ငြီးငြူဖို့ အကြောင်းအရာ ရှိတတ်ပါတယ်။ ဒီလိုလူတွေထဲ သင်ပါနေလား ပြန်စဉ်းစားသင့်ပါတယ်။ ငြီးငြူတတ်တဲ့ သူက ဆွဲဆောင်နိုင်စွမ်းအား အနည်းဆုံး သူတွေ ဖြစ်ပါတယ်။
၃။ ကိုယ့်အကြောင်းထက် သူများ အကြောင်းကို နားထောင်ပါ
ဆွဲဆောင်မှု ရှိသူ အများစုက နားထောင်ကောင်းသူတွေ ဖြစ်ပါတယ်။ သင့်အကြောင်းကို အချိန်တိုင်း ပြောနေမယ့်အစား သူတို့ အကြောင်းကို စိတ်ဝင်တစား နားထောင် ကြည့်သင့်ပါတယ်။ လူတွေက သူတို့ကို အဖက်လုပ်သူဆိုရင် အလိုလို ခင်မင်တတ်ကြပါတယ်။
၄။ သင့်ခန္ဓာကိုယ် ပုံစံ
သင့်ခန္ဓာကိုယ် အနေအထားကို ဂရုတစိုက် ရှိသင့်ပါတယ်။ အချိန်တိုင်း ခေါင်းငုံ့လျှောက်တတ်သူဆိုရင် ရင်ကိုကော့ ခေါင်းမော့ပြီး ယုံကြည်မှု ရှိရှိ လျှောက်သင့်ပါတယ်။ အောင်မြင်သူတွေရဲ့ ကိုယ်နေဟန်ထားကို လေ့လာကြည့်သင့်ပါတယ်။
၅။ ရည်မှန်းချက် ကြီးကြီးထားပါ
ရည်မှန်းချက် ကြီးသူတွေက အလိုလို နေရင်းကို ဆွဲဆောင်မှု ရှိနေတတ်ပါတယ်။ သူများထ တဲ့ အချိန်ထက် တစ်နာရီ စောထပြီး လုပ်စရာရှိတာကို လုပ်နေသင့်ပါတယ်။ ဒါ့အပြင် အမှီအခိုကင်းကင်းနဲ့ ဘဝကို နေထိုင်သင့်ပါတယ်။
၆။ မျက်လုံးကို ကြည့်ပြောပါ
သင်စကားပြောတဲ့အချိန် တခြားသူရဲ့ မျက်လုံးကို ကြည့်ပြီး ပြောသင့်ပါတယ်။ သူတို့စကားပြောတဲ့အချိန်လည်း သင်က သူတို့ မျက်လုံးကို ကြည့်ပြီး အာရုံစိုက်နားထောင်သင့်ပါတယ်။ မျက်လုံး ကြည့်စကားပြောတတ်သူတွေက ဆွဲဆောင်မှု ပိုရှိသူတွေ ဖြစ်ပါတယ်။
၇။ သင်ယူပါ
ဆွဲဆောင်မှု ပိုရှိချင်ရင် အားနေတဲ့အချိန် တစ်ခုခု သင်ယူနေသင့်ပါတယ်။ ဘာသာစကားအသစ် သင်ယူတာ၊ ပညာရပ် တစ်ခုခု သင်နေတာ စသဖြင့် ကိုယ်စိတ်ပါရာကို လေ့လာနေသင့်ပါတယ်။
၈။ သင့်ပုံစံနဲ့ သင်နေပါ
နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးကတော့ ဆွဲဆောင်မှု ရှိချင်ရင် သင့်ပုံစံနဲ့ သင် နေသင့်ပါတယ်။ သင်နဲ့ ဘယ်အရာပိုအဆင်ပြေလဲ၊ ဘာနဲ့ လိုက်လဲ စတာတွေကိုပဲ ဦးစားပေးသင့်ပါတယ်။ တခြားသူကို လိုက်အတုခိုးစရာမလိုပါဘူး။
Photo source: Pinterest
By MyStyle Myanmar