ကုန်ဈေးနှုန်း တရိပ်ရိပ် တက်နေတဲ့ အချိန်ကာလမှာ သင်ရတဲ့လစာနဲ့ ကုန်ကျစားရိတ် မကာမိ ဖြစ်နေတတ်ပါတယ်။ အမှန်တရားတစ်ခုကတော့ တစ်လလုံး ပင်ပန်းထားသမျှက လစာရမှ အမောပြေသွားတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ MyStyle ပရိတ်သတ်တွေအတွက် ရလာတဲ့ လစာကို Online Shop ကနေ ကြိုဝယ်တာမျိုး မဟုတ်ဘဲအကျိုးရှိရှိ စီမံခန့်ခွဲနည်းတွေကို ဖော်ပြပါရစေ။

၁။ အဓိကနဲ့ သာမညကို ခွဲခြားတတ်ပါစေ

လစာရရင် ပိုက်ဆံ လက်ထဲရှိနေတာကြောင့် မြင်သမျှ ဝယ်ချင်နေတတ်ပါတယ်။ ဝယ်ချင်စိတ် ပေါ်လာတိုင်း ဒီပစ္စည်းက ကိုယ့်အတွက် တကယ်ကော လိုအပ်ရဲ့လား စဉ်းစားသင့်ပါတယ်။ တကယ်မလိုအပ်ဘူးဆိုရင်တော့ သုံးမယ့် ပိုက်ဆံကို သင့်စုဘူးထဲ ထည့်သင့်ပါတယ်။

၂။ ပိုက်ဆံစုပါ

ငွေကြေးကို စနစ်တကျ ခန့်ခွဲတတ်ဖို့ တစ်လမှာ ဘယ်လောက်စုမယ်ဆိုတဲ့ ရည်မှန်းချက်လည်း ပါဝင်သင့်ပါတယ်။လစာရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကို ပုံမှန်စုမယ်ဆိုပြီး သတ်မှတ်ထားကာ စုငွေထဲ ထည့်ပြီးမှ ပိုတာကို သုံးသင့်ပါတယ်။

၃။ အရေးပေါ်ငွေ

ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ မသိနိုင်တာကြောင့် တစ်ခုခု ဖြစ်လာရင် အသုံးပြုနိုင်အောင် အရေးပေါ်ငွေ စုထားသင့်ပါတယ်။ တစ်လမှာ အရေးပေါ်ငွေ အတိအကျ သတ်မှတ်ထားပြီး ဒီငွေကိုတော့ အရေးပေါ်ကိစ္စမဖြစ်မချင်း မသုံးဘူးဆိုတဲ့ သံမဏိစည်းကမ်းချက် ထားရပါမယ်။

၄။ 50-30-20 နိယာမ

သင့်ဝင်ငွေကို စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ 50-30-20 နည်းလမ်းပါ။ ဒီနည်းလမ်းရဲ့ အကျဉ်းချုပ်အဓိပ္ပာယ်ကတော့ သင့်ငွေကို အများကြီး အကန့်မခွဲဘဲ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို လိုတဲ့နေရာ သုံးကာ ၃၀ရာခိုင်နှုန်းကို စုပြီး ၂၀ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံဖို့ ထားရမှာပါ။

၅။ ရေရှည်ရည်မှန်းချက်ထားပါ

သင့်လစာကို နဂိုထက် ပိုတိုးလာစေမယ့် နည်းလမ်းတစ်ခု​ကတော့ ရေရှည်ရည်မှန်းချက်ထားတာပါ။ ဘယ်အရွယ်မှာ အိမ်တစ်လုံး ဝယ်နိုင်ရမယ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုတဲ့ ရေရှည်ရည်မှန်းချက် ထားခြင်းက သင့်ရဲ့ စိတ်အားထက်သန်မှုကို တိုးမြှင့်ပေးရာ ရောက်ပါတယ်။

၆။ တခြားသူတွေ အထင်ကြီးဖို့ ငွေမသုံးပါနဲ့

ပစ္စည်းဝယ်တဲ့ နေရာမှာ ကိုယ်နဲ့ အဆင်ပြေတာကိုပဲ ရွေးချယ်သင့်ပါတယ်။ လူတွေ အထင်ကြီးဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ Brand တွေ၊ ဈေးကြီးတာတွေကို မဝယ်သင့်ပါဘူး။ သင့်လစာနဲ့ ချိန်ကိုက်ပြီး သင်နဲ့ အမှန်တကယ်သင့်တော်တာ၊ လိုအပ်တဲ့ နေရာမှာပဲ ငွေသုံးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar