တချို့တွေက ဘာမှ လုပ်စရာ မလိုဘဲနဲ့ကို ဓာတ်ပုံထဲ လှနေတတ်ပါတယ်။ ကင်မရာရှေ့ ရယ်ပြစရာ မလိုသလို၊ ခါးထောက်၊ လမ်းလျှောက်ပြီး အိုက်တင် ခံစရာ မလိုဘဲ လှနေတာမျိုးပါ။ သင်ကိုယ်တိုင်လည်း ဒီလို ကြိုးစားစရာ မလိုဘဲ ဓာတ်ပုံထဲ လှနိုင်ပါတယ်။ ဒီလို လှနေဖို့ ပို့စ်ပေးပုံကို သိထားဖို့ပဲ လိုပါတယ်။ အများကြီး ကြိုးစားနေစရာ မလိုဘဲနဲ့ကို သင့်ကို ဓာတ်ပုံထဲ လှနေစေမယ့် ပို့စ်ပေးနည်းတွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ခြေထောက်တစ်ဘက်ကို တင်ပြီး ထိုင်ပေးပါ

ခြေထောက် တစ်ဘက်ကို အောက်ချပြီး ကျန်တစ်ဘက်ကို တင်ကာ ထိုင်လိုက်တာက သင့်ကို ပိုသက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒီလို ထိုင်ရင်း ကင်မရာကို မကြည့်ဘဲ ဘေးဘက်လှည့်နေရင်လည်း ပိုအထာကျသွားပါလိမ့်မယ်။ ကိုယ့်ကို ဓာတ်ပုံရိုက်ပေးမယ့် သူကို ဘယ်နေရာက ရိုက်ရမလဲ ပြောရုံပါပဲ။

၂။ တစ်ခုခုကို ကိုင်ပြီး အဝေးကို ကြည့်နေပါ

လက်မှာ အရာဝတ္ထု တစ်ခုခု ကိုင်ပြီး တခြားဘက် လှည့်နေတာက သင့်ကို Snap ပုံစံလေး ပိုင်ဆိုင်စေပါလိမ့်မယ်။ လက်မှာ အအေးဘူးကို ကိုင်ထားတာ၊ ဖုန်းကို ကိုင်ထားတာ စသဖြင့် မျိုးစုံ ဖန်တီးနိုင်ပြီး ဘေးဘက်ကြည့်တာ၊ အောက်ငုံ့ကြည့်တာတွေ လုပ်နိုင်ပါတယ်။

၃။ အိတ်ထဲကနေ တစ်ခုခု ထုတ်တဲ့ ပုံစံမျိုး

သင့်အိတ်ကို ငုံ့ကြည့်လိုက်တာကလည်း သဘာဝ ကျတဲ့ ပို့စ်ပေးနည်းပါ။ ကင်မရာရှေ့မှာ ရယ်ပြစရာ၊ ပြုံးပြ စရာမလိုဘဲ အထာကျကျ နေနိုင်မယ့် ပို့စ်ပေးနည်းမျိုး ဖြစ်ပါတယ်။

၄။ နောက်လှည့်ပြီး နောက်ကြောအလှကို ပြပါ

ဒီပို့စ်ကတော့ ရှုခင်းနောက်ခံထားပြီး ဓာတ်ပုံရိုက်မယ့် ပျိုမေတို့နဲ့ ပိုသင့်တော်ပါတယ်။ နောက်ကြောအလှကို ပြပြီး ရိုက်တဲ့ပုံတွေက မိန်းကလေး ဆန်ခြင်းကို ကိုယ်စားပြုနေသလို သဘာဝဆန်ဆန် လှမယ့် ပို့စ်ပေးနည်း ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar