စုံတွဲတွေမှာ တွဲတာကြာလာတဲ့အခါ အရင်လောက် ရင်မခုန်တော့တာ၊ စိတ်ဝင်စားဖို့ မကောင်းတော့တာတွေ ဖြစ်တတ်ပါတယ်။ အချင်းချင်း မချစ်တော့တာ မဟုတ်ဘဲနဲ့ ဒီလိုပဲ ငြိမ်သက်သွားတာပါ။ မိန်းကလေးအများစုက ချစ်သူနဲ့ တွဲတာ ဘယ်လောက်ပဲ ကြာပါစေ သူတို့ကောင်လေးတွေက သူတို့ကို အရင်လို ဂရုစိုက်တာ၊ ချစ်တာကိုပဲ လိုချင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ကောင်လေးက သင်နဲ့ တွဲတာကြာရင်တောင် သင်မှသင် အမြဲဖြစ်နေစေဖို့ သူ့ကို ညှို့နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လက်ရှိအချိန်မှာပဲ နေပါ

ခက်ခဲတဲ့ အချိန်တွေ၊ ပင်ပန်းတဲ့ အချိန်တွေက လူတိုင်းမှာ ရှိပါတယ်။ သင်က သင့်တစ်နေ့တာမှာ ပင်ပန်းမှုတွေရှိခဲ့ရင်တောင် သင့်ချစ်သူနဲ့ တွေ့တဲ့အချိန် ပြီးခဲ့တာတွေကို မစဉ်းစားဘဲ လက်ရှိအချိန်မှာပဲ နေသင့်ပါတယ်။ အချစ်ရေးတစ်ခုမှာ စကားပြောဖို့၊ ဆက်သွယ်ဖို့က အင်မတန် အရေးကြီးပါတယ်။ သူပြောတဲ့စကားတွေကို သေချာ အာရုံစိုက်နားထောင်ပြီး သူ့ဆန္ဒက ဘယ်လိုလဲ မှတ်သားထားကာ သင်ဂရုစိုက်ကြောင်း ဖော်ပြဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

၂။ သူ့ကို အံ့သြစရာတွေနဲ့ အမြဲထိတွေ့ခိုင်းပါ

မိန်းကလေးတွေအနေနဲ့ ချစ်သူ Surprise တိုက်တာကိုပဲ စောင့်မနေဘဲ ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။ ဥပမာ- သင့်ကောင်လေး စားချင်နေတဲ့ မုန့်ကို မှာပေးတာ၊ ချက်ပေးတာ၊ သူသဘောကျတဲ့ ဆံပင်ပုံစံမျိုးကို သင်က ရုတ်တရက် လုပ်လာတာ စတဲ့ အံ့သြစရာတွေကို ဖန်တီးသင့်ပါတယ်။

၃။ လှလှပပ ဝတ်ဆင်ပါ

သမီးရည်းစားတွေက တွဲတာကြာလာတဲ့အခါ အချင်းချင်း ရင်းနှီးလွန်းပြီး ပြင်ပြင်ဆင်ဆင် နေဖို့ မေ့သွားတတ်ကြပါတယ်။ ပွဲတစ်ခုခု သွားခါနီးတိုင်း သင်ပြင်ဆင်သလို သင့်ချစ်သူနဲ့ တွေ့တဲ့အခါလည်း ပြင်ပြင်ဆင်ဆင် ဝတ်သင့်ပါတယ်။ သူမြင်နေကျပဲ ဘာဖြစ်လဲဆိုတဲ့ စိတ်မျိုး မထားသင့်ပါဘူး။ သင့်ချစ်သူကို ဘယ်လိုအဝတ်အစားမျိုးက ဆွဲဆောင်နိုင်လဲ အမြဲတွေးနေသင့်ပါတယ်။

၄။ သင့်ကိုယ်သင် ဂရုစိုက်ပါ

သင့်ကောင်လေးက သင့်ကို အမြဲချစ်နေဖို့ သင့်အချိန်တွေ အကုန်လုံးကို ပေးစရာမလိုပါဘူး။ သင့်ကိုယ်သင် အချိန်ပေးဖို့၊ ဂရုစိုက်ဖို့ မေ့မနေသင့်ပါဘူး။ ယောက်ျားလေးတွေက ကိုယ့်ဘဝနဲ့ ကိုယ်နေတဲ့ မိန်းကလေးတွေကို ဆွဲဆောင်မှု ရှိတယ်လို့ မြင်တတ်ကြပါတယ်။

၅။ စိတ်ကူးယဉ်ဆန်ဆန် ဒိတ်လုပ်ပါ

သင့်ကောင်လေးက သင့်ကို အမြဲ သတိရနေစေဖို့ သူနဲ့ တွေ့တဲ့ နေရာတွေကိုပါ အမှတ်တရဖြစ်နေစေဖို့ စီစဉ်သင့်ပါတယ်။ ပုံမှန်တွေ့နေကျ နေရာတွေ မဟုတ်ဘဲ ချစ်သူတွေအတွက် ရည်ရွယ်ထားတဲ့ နေရာတွေမှာ ဒိတ်လုပ်သင့်ပါတယ်။ ဇာတ်ကားတွေထဲကလို စိတ်ကူးယဉ်ဆန်ဆန် ဒိတ်လုပ်တာမျိုးက သင့်ကောင်လေးရဲ့ အချစ်ကို အသစ်တဖန် ပြန်လတ်ဆတ်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar