နားဖောက်ထားတဲ့သူတွေက ကိုယ့်နားပေါက်ကို အနံ့ဆိုးမထွက်အောင်၊ ပိုးမဝင်အောင် ဂရုစိုက်ဖို့ အရေးကြီးပါတယ်နော်။ လတ်တလောမှ နားဖောက်ထားတဲ့သူတွေ၊ နားပေါက်တစ်ခုထက်ပိုရှိတဲ့သူတွေဆို ပို လိုအပ်ပါတယ်။ အခန့်မသင့်လို့ ပိုးဝင်ပြီးအနာဖြစ်တဲ့အခါ နားကပ်ဝတ်ဖို့ခက်ခဲပြီး နားပေါက်ပိတ်သွားနိုင်တာကြောင့် ဒီလိုတွေမဖြစ်ရအောင် နားပေါက်ဖောက်ထားတဲ့နေရာတစ်ဝိုက်ကို သန့်စင်အောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Saline Solution လေးနဲ့ သန့်စင်ပေးပါ

နားပေါက်ကိုသန့်စင်ဖို့အတွက် ဆပ်ပြာသုံးတာထက် Saline Solution ခေါ်တဲ့ ရေနွေးနွေးနဲ့ဆားကို ရောထားတဲ့အရည်ကို သုံးပေးပါ။ ကိုယ်တိုင်လုပ်နိုင်မယ့်နည်းကတော့ ရေခပ်နွေးနွေးတစ်ခွက်နဲ့ ဆား နှစ်ဇွန်းလောက်ကိုရောပြီး ရလာတဲ့အရည်ကို ဂွမ်းတံနဲ့ယူပြီး နားပေါက်မှာပွတ်ကာ သန့်စင်ပေးရမှာဖြစ်ပါတယ်။ တစ်နေ့နှစ်ကြိမ်လောက်အထိလုပ်နိုင်ပြီး ပုံမှန်သန့်စင်ပေးမယ်ဆိုရင် ဘက်တီးရီးယားနဲ့ ပိုးမွှားတွေမကပ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

နားပေါက်နဲ့ နားကပ်နေရာကို လက်နဲ့ခဏခဏထိတာ၊ လှည့်တာမျိုး ရှောင်ပါ

မသန့်တဲ့လက်နဲ့ သင့်နားပေါက်၊ နားကပ်နေရာကိုကိုင်မိတဲ့အခါ လက်ကပါတဲ့ပိုးတွေကတစ်ဆင့် အနာဖြစ်တတ်ပါတယ်။ နားပေါက်ဖောက်ခါစသူတွေဆို ပိုဂရုစိုက်ပေးရပါမယ်။ ခဏခဏလက်နဲ့ထိတာကို ရှောင်ပြီး လက်ကို ဆပ်ပြာနဲ့သေချာဆေးပြီးမှ ထိတွေ့တာမျိုးလုပ်ပေးပါ။

ဆံပင်နဲ့ ဆံသားပြုပြင်ပစ္စည်းတွေကို နားပေါက်နဲ့ ဝေးရာမှာထားပေးပါ

ဆံပင်မှာကပ်နေတဲ့ ချွေးတွေ၊ Shampoo နဲ့ Hair Spray တွေကြောင့်လည်း နားပေါက်မသန့်ရှင်းတာ၊ ပိုးဝင်တာတွေ ဖြစ်တတ်တဲ့အပြင် အခန့်မသင့်ရင် ဆံပင်နဲ့ နားကပ်ညှိပါတာတွေလည်း ဖြစ်တတ်တာမို့ ဒီလိုမဖြစ်အောင် ဆံပင်နဲ့ နားပေါက်နေရာကို ဝေးဝေးမှာထားဖို့ မမေ့ပါနဲ့နော်။

နားကပ်ခဏခဏပြောင်းပြီး ဝတ်တာမျိုးလည်း မလုပ်သင့်ပါဘူး

Photo Source: iStock

နားကပ်ခဏခဏပြောင်းဝတ်တာကလည်း နားပေါက်တွေကို ထိခိုက်နိုင်ပါတယ်။ အနည်းဆုံး ခြောက်ပတ်လောက်အထိ ဝတ်ထားတာမျိုးပြုလုပ်ပေးပါ။ နားဖောက်ထားတာမကြာသေးတဲ့အချိန် နားကပ်လုံးဝမ၀တ်ဘဲ ထားတာမျိုးလည်း မလုပ်သင့်ပါဘူး။ တဖြည်းဖြည်းနဲ့ နားပေါက်ပိတ်သွားတတ်ပါတယ်။

ဝတ်နေကျနားကပ်ကို မကြာခဏဆေးကြောပေးပါ

Photo Source: unugtp

နားပေါက်ကို ပုံမှန်သန့်စင်သလို ဝတ်နေကျနားကပ်ကို သန့်စင်ပေးဖို့လည်း မမေ့ပါနဲ့နော်။ နားကပ်တွေမှာ ကပ်နေတဲ့ ဖုန်၊ အညစ်အကြေးတွေကတစ်ဆင့် နားအနံ့ထွက်တာ၊ ပိုးဝင်တာတွေဖြစ်တတ်တာမို့ တစ်ပတ်တစ်ကြိမ်လောက် နားကပ်ဆေးတာမျိုး ပြုလုပ်ပေးပါ။

Photo Source: Pinterest