အသက် (၂၀) ကျော်ဆိုတဲ့အရွယ်ဟာ မိတ်ဆွေအသစ်တွေရှာဖွေဖို့အကောင်းဆုံးအရွယ် လို့ပြောလို့ရပါတယ်။ ဒီခေတ်ကြီးမှာ လူငယ်တွေ တော်တော်များများမှာ facebook ၊ twitter တို့လို ဆိုရှယ်မီဒီယာတွေပေါ်ကတဆင့် သိရတဲ့အပေါင်းအသင်းတွေက များပါတယ်။ ဒီအပေါင်းအသင်းတွေက အပြင်က အပေါင်းအသင်းတွေလို အဆင်မပြေပါဘူး။ ဒါ့ကြောင့် အပြင်လောကမှာ သူငယ်ချင်းအသစ်တွေရအောင် ဘယ်လိုမိတ်ဖွဲ့ကြမလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) အသိမိတ်ဆွေတွေထဲက ရှာဖွေပါ

Photo : Hack Spirit

ယခုလက်ရှိ သင်နဲ့ သူငယ်ချင်းမဟုတ်ဘဲနဲ့ အဆက်အသွယ်ပြုလုပ်လျက်ရှိတဲ့လူတွေထဲကနေ ရှာဖွေပါ။ သင့်ပတ်ဝန်းကျင်မှာ သင်နဲ့ မျက်မှန်းတန်းမိ နေသူတွေ ရှိတတ်ကြပါတယ်။ သူစိမ်းတွေတွေ့တိုင်း  ပြုံးပြပြီး မိတ်လိုက်ဖွဲ့နေလို့တော့ အဆင်မပြေပါဘူး။ မျက်မှန်းတန်းမိ၊ မေးထူးခေါ်ပြော ရှိလက်စသူ နဲ့ ရင်းနှီးအောင်မိတ်ဖွဲ့တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဒီလိုမိတ်ဖွဲ့ရင်း သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီ ဆိုရင်တော့ သူစိမ်းတွေနဲ့စတင်ပြီး မိတ်ဖွဲ့လို့ရပါပြီ။

(၂) ကိုယ်နဲ့ဝါသနာတူတဲ့သူတွေကို ရှာဖွေပါ

Photo : Wycombe area

ဝါသနာပါတာတွေကို လုပ်ရင်းနဲ့လည်း ကိုယ်နဲ့ဝါသနာတူ မိတ်ဆွေအသစ်တွေ ရလာနိုင်ပါတယ်။ ဒါကြောင့် ဂီတာသင်တန်း (သို့) ဟင်းချက်သင်တန်း တက်တာမျိုးပြုလုပ်ပါ။ ကိုယ့်အတွက်လည်း အကျိုးမယုတ်စေပါဘူး။ အဖွဲ့လိုက်ကစားရတဲ့ အားကစား ဥပမာ ဘောလုံးကစားတာ တင်းနစ်ရိုက်တာစတဲ့ အားကစားနည်းတွေပြုလုပ်တာကလည်း သူငယ်ချင်းအသစ်တွေ အများကြီးတွေ့နိုင်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။

(၃) ကိုယ်နဲ့ သူငယ်ချင်းဖြစ်လာနိုင်မယ့် လူတွေကို အချိန်ပေးပါ

Photo : The Everygirl

ကိုယ်နဲ့အဆင်ပြေလောက်မယ့်သူတွေ့ပြီဆိုတာနဲ့ သူတို့ကို အချိန်ပေးပါ။ ရုပ်ရှင်သွားကြည့်တာ၊ ဈေးဝယ်ထွက်တာ (သို့) အားကစားအတူတကွ လုပ်တာ တွေပြုလုပ်ပေးပါ။ သူတို့လိုအပ်တဲ့အချိန်မှာ ကူညီပေးနိုင်အောင် ကြိုးစားပါ။ တကယ်လို့ တစုံတယောက်ကသင့်ကိုအပြင်သွားဖို့ပဲ ဖြစ်ဖြစ်၊ တခုခုလုပ်ဖို့ပဲ ဖြစ်ဖြစ် ဖိတ်ခေါ်ရင် (မတတ်သာလွန်းတဲ့အနေအထားမျိုးကလွဲပြီး) မငြင်းမိပါစေနဲ့။ မိတ်ဆွေ အသူငယ်ချင်းအပေါင်းအသင်းတွေ အသစ်တွေ ရနိုင်မယ့်အခွင့်အရေးကို အပြည့်အဝအသုံးချပါ။