ယနေ့ခေတ်လို ရှုပ်ထွေးလွန်းလှတဲ့လူနေမှုဘဝမှာ သူ့ထက်ငါသာချင်တဲ့စိတ်နဲ့ အပြိုင်အဆိုင်များကြသလို လူတိုင်းလိုလို အလုပ်မှအလုပ်ဖြစ်နေကြပါတယ်။ နည်းပညာတွေက ဘက်ပေါင်းစုံကနေ တိုးတက်လာနေပြီဆိုပေမယ့်လည်း အလုပ်ချိန်တွေကိုတော့ မလျှော့ချနိုင်တဲ့အပြင် အလုပ်ဒဏ်ကို ပိုမိုခံစားလာကြရပါတယ်။ အလုပ်မှအလုပ်ဖြစ်နေရတဲ့ဘဝကနေ မိသားစုကိုအချိန်ပေးဖို့ လစ်ဟင်းလာကြရပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ့အလုပ်များနေပါစေ ကိုယ့်ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မိသားစုကို အချိန်ပေးနိုင်ဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းပါရစေ။
ကိုယ့်ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ မိသားစုဝင်တွေကို ကိုယ်က လျစ်လျူရှုပြီး မေ့လျော့ထားတယ်လို့ မခံစားမိရလေအောင် မအားတဲ့ကြားက ရအောင်အချိန်ယူပြီး မိသားစုနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို အခုပဲ့မျှဝေပေးလိုက်ပါတယ်။
လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပစ်လိုက်ပါ
အလုပ်ကဆင်းသွားရင်တော့ ဖုန်းထဲကနေ အီးမေးလ်တွေ တစ်စောင်ပြီးတစ်စောင်ဝင်နေတာကြောင့် နားရတယ်လို့ကိုမရှိသလို မိသားစုအတွက် အချိန်ပေးဖို့ဆိုတာဟာလည်း တကယ်ကို ခက်ခဲလာနေပါပြီ။ ယနေ့ခေတ်ဝန်ထမ်းများ ကြုံတွေ့ခံစားနေရတဲ့ ဖိအားတွေဟာ များပြားလွန်းတဲ့အတွက်ကြောင့် ရုံးဆင်းချိန် ၅ နာရီဖြစ်ပြီးတာတောင်မှ ဆက်ပြီးအလုပ်လုပ်ဖို့ အကြောင်းအရင်းတွေက ပေါ်လာတတ်ပါတယ်။
အဆက်မပြတ်အလုပ်လုပ်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့် အိမ်ပြန်ရောက်ပြီဆိုတာနဲ့အလုပ်တွေ အကုန်မေ့၊ လျှပ်စစ်ပစ္စည်းတွေ အကုန်ပိတ်ပြီးတော့ မိသားစုနဲ့အတူတူ အချိန်ကုန်ဆုံးပြီး အနားယူပါ။
အိမ်ပြန်ချိန်မတိုင်ခင် အလုပ်ကစိတ်ဖိစီးမှုကိုဖြေဖျောက်ပါ
စိတ်ဖိစီးမှုတွေ တပုံတပင်နဲ့ စိတ်လက်ပျော်ရွှင်မှုမရှိဘဲ အိမ်ကိုပြန်သွားမယ်ဆိုရင် မိသားစုအပေါ်မှာ ကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်တော့မှာ မဟုတ်ပါဘူး။ ဈေးဝယ်ထွက်တာဖြစ်ဖြစ်၊ စာအုပ်ရှာဖတ်တာဖြစ်ဖြစ်၊ သားသမီးတို့အတွက် လက်ဆောင်လေးတွေ ဝယ်သွားတာဖြစ်ဖြစ် လုပ်ပြီးမှ အိမ်ပြန်သွားမယ်ဆိုရင်တော့ အလုပ်မှာကြုံလာရတဲ့ စိတ်ဖိစီးမှုတွေလည်း ပြေပျောက်သွားမှာပါ။
သောကြာနေ့ညတိုင်းမှာ မိသားစုကို အချိန်ပေးပါ
ဝန်ထမ်းအများစုအနေနဲ့ သောကြာညတွေက ရက်သတ္တပတ်အကုန်ဆိုတာကို ပြသနေပါတယ်။ တစ်ပတ်လုံးပင်ပန်းထားသမျှကို အပန်းဖြေဖို့အတွက် ရက်တစ်ရက်ဖြစ်တာကြောင့် လူအများစုမျှော်လင့်ကြတဲ့ ရက်တစ်ရက်ဆိုလည်းမမှားပါဘူး။
တစ်ပတ်မှာ အနားယူဖို့အတွက် တခြားစီစဉ်ထားတာတွေ ရှိတယ်ဆိုရင်တော့ သောကြာညကိုတော့ မိသားစုအတွက် အချိန်ပေးလိုက်ပါ။ မိသားစုနဲ့အတူတူ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် အပြင်ထွက်ပြီး ညစာစားတာဖြစ်ဖြစ် ပြုလုပ်ပေးလိုက်ပါ။
အလုပ်ကိစ္စအစား တခြားအကြောင်းပြောပါ
ပြောသမျှ စကားတိုင်းမှာ အလုပ်အကြောင်းချည်းပဲ ထပ်နေတယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေးမှာ ခလုတ်ကန်သင်းဖြစ်လာနိုင်ပါတယ်။
ဝန်ထမ်းအချင်းချင်းလည်း အလုပ်ကိစ္စပဲပြောတာထက် ကိုယ်စီမိသားစုအကြောင်းလေးတွေကို ပြောဆိုခြင်းကို ပြုလုပ်နိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကို လျော့ချပါ
စိတ်ဖိစီးမှုဆိုတာဟာ လူတိုင်းလူတိုင်း ကြုံတွေ့ခံစားနေရတဲ့ ပြဿနာတစ်ခုပါ။ သင့်ရဲ့ စိတ်နေစိတ်ထားကို နှောင့်ယှက်ပစ်ပြီး မကောင်းဖက်ကို ရောက်သွားစေနိုင်ပါတယ်။ ဒီလို စိတ်ညစ်စရာတွေကို တိုက်ထုတ်နိုင်ဖို့အတွက် မိသားစုနဲ့အတူတူ အချိန်ကုန်ဆုံးပါ။
Source: Brightside