အခုနောက်ပိုင်း အခြေအနေ အမျိုးမျိုးကြောင့် အရာရာ ဈေးကြီးလာတဲ့အချိန် သင့်အနေနဲ့ အရင်ထက် ပိုက်ဆံ ပိုချွေတာပြီး ပိုစုဆောင်းချင်စိတ်တွေ များလာမှာပါ။ အလှကုန်တွေထဲမှာ အမွှေးအမျှင်တွေကို ဖယ်ရှားပေးတဲ့ Wax ကလည်း ပုံမှန်လိုအပ်တဲ့ ပစ္စည်းလို့ ပြောလို့ရပါတယ်။ သင့်အနေနဲ့ ပိုက်ဆံချွေတာချင်ရင် ကိုယ့်အိမ်မှာ DIY လုပ်လို့ရတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်ဖန်တီးပြီး တခြားလိုတဲ့ နေရာမှာပဲ ငွေကို သုံးသင့်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အိမ်မှာပဲ ကိုယ်တိုင် အမွှေးနှုတ် Sugar Wax လုပ်ချင်သူတွေအတွက် နည်းလမ်းကို ဖော်ပြပါရစေ။

Sugar Wax အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့-

၁။ သကြားတစ်ခွက်

၂။ ရေ လေးပုံပုံ တစ်ပုံ

၃။ သံပယိုရည် လေးပုံပုံ တစ်ပုံတို့ပဲ ဖြစ်ပါတယ်။

Photo Source: Stasia-Savasuk

လိုအပ်တဲ့ ပစ္စည်းတွေက ရိုးရိုးရှင်းရှင်းလေးနဲ့ လွယ်ကူတာမို့ သင့်အတွက် အဆင်ပြေမှာပါ။ ဒီတော့ ပြုလုပ်နည်းကို ဆက်ကြည့်လိုက်ရအောင်-

ပါဝင်ပစ္စည်းတွေကို ရောပြီးနောက် ကျိုလို့ရမယ့် ခွက်ထဲ ထည့်ပေးရပါမယ်။ Wax ပြုလုပ်ပြီးနောက် ထည့်မယ့် ဖန်ခွက်ကိုတော့ ကြို အပူပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ဖန်ခွက်က အေးနေရင် ဒီထဲကို Wax အပူလောင်းတဲ့အခါ ကွဲနိုင်တာမို့လို့ပါ။

Photo Source: wikiHow

သကြား၊ ရေနဲ့ သံပယိုရည် ခွက်ကို အပူပေးကာ ကျိုပေးရပါမယ်။ အမြှုပ်တွေထကာ ရွှေညိုရောင် ရတဲ့အထိ မွှေကာ ကျိုပေးရပါမယ်။

Photo Source: Penniless Parenting

ရလာတဲ့ Wax ကို ရေခဲရေထဲ အနည်းငယ်စိမ်ကြည့်ကာ Wax အောင် မအောင် စမ်းသပ်နိုင်ပါတယ်။ မကပ်လွန်းဘဲနဲ့ လက်မှာ လှိမ့်ကြည့်လို့ အလုံးလေး ရတယ်ဆိုရင် Wax အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

Photo Source: Pinterest

ပြီးရင်တော့ အပူပေးထားတဲ့ ဖန်ခွက်ထဲ ထည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ သင်ဝယ်နေကျ Sugar Wax ကိုပဲ သင်ကိုယ်တိုင် ဖန်တီးလိုက်နိုင်ပါပြီ။

By MyStyle Myanmar