ဗိုက်ချပ်ချပ် နဲ့ အဆီပိုကင်းတဲ့ ခန္ဓာကိုယ်ကို အမျိုးသမီးတိုင်း မက်မောကြပါတယ်။ အဲဒီအတွက် အစားအသောက်ကို ဂရုစိုက်ဖို့လိုသလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့လိုအပ်ပါတယ်ရှင်။

ဒါတင်မကသေးပါဘူး အဆီကျစေဖို့ အထောက်အကူဖြစ်တဲ့ သဘာဝဖျော်ရည်လေးတွေကိုလည်းလုပ်သောက်ဖို့ အကြံပေးလိုက်ပါတယ်နော်။ သကြားပါဝင်မှုနှုန်းများတဲ့ အချိုရည်တွေကို သောက်မယ့်အစား သဘာဝသစ်သီးတွေနဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကို သောက်သုံးပေးခြင်းက ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

ဒီနေ့မှာတော့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့အပြင် ဝမ်းဗိုက်က အဆီလေးတွေ မြန်မြန်ကျစေဖို့ လွယ်ကူစွာပြုလုပ်သောက်သုံးနိုင်တဲ့ ဖျော်ရည်ပြုလုပ်နည်းလေးကို မျှဝေပေးသွားမှာပါ။

လိုအပ်သည့်ပစ္စည်းများ

  • လတ်လတ်ဆတ်ဆတ် နာနတ်သီး − အစိတ်အနည်းငယ်
  • လီမွန် − ၁ လုံး
  • ပူစီနံနည်းနည်း
  • ဓား
  • ရေခဲတုံး
  • ရေ
  • ရေခရား

ပြင်ဆင်ပြုလုပ်နည်းအဆင့်ဆင့်

အဆင့် (၁)

လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့ နာနတ်သီးကို ပုံမှာပြထားသလို အတုံးသေးသေးလေးတွေ လှီးလိုက်ပါ။

နာနတ်သီးအတုံးလေးတွေကို ဖန်ရေကရားတစ်ခုထဲထည့်လိုက်ပါ။ နာနတ်သီးက အာဟာရဓာတ်တွေ အစုံအလင်ပါဝင်တဲ့အပြင် ရောင်ရမ်းခြင်းတွေကိုလည်း လျော့ကျစေပါတယ်။

အဆင့် (၂)

လီမွန်ကို အကွင်းလိုက်လေးတွေလှီးပေးပါ။ Detox Water ထဲ သေချာစိမ့်ဝင်စေဖို့အတွက် အကွင်းလေးတွေက ပါးပါးလေးတွေဖြစ်နေဖို့ အရေးကြီးပါတယ်။

လီမွန်အကွင်းလေးတွေကိုလည်း နာနတ်သီးအစိတ်လေးတွေထည့်ထားတဲ့ ဖန်ကရားထဲထည့်ပေးပါ။ အချဥ်ဓာတ်ရှိတဲ့လီမွန်က အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

အဆင့် (၃)

ပူစီနံအရွက်အနည်းငယ်ကို ခြွေပြီးတော့ ဖန်ကရားထဲထပ်ပေါင်းထည့်ပါ။ ပူစီနံက အစာအိမ်အတွက် အင်မတန်သင့်တော်ပြီး ရေသောက်တဲ့အခါ အေးမြတဲ့အရသာကို ပေါင်းစပ်ပေးမှာဖြစ်ပါတယ်။

နောက်တဆင့်အနေနဲ့ ရေခဲတုံးလေးတွေထည့်ပေးပါ။ ရေခဲတုံးအပါအဝင် တခြားပါဝင်ပစ္စည်းတွေက သင်အသုံးပြုမယ့် ရေကရားရဲ့ သုံးပုံတစ်ပုံ ပြည့်နေရပါမယ်။

အဆင့် (၄)

နောက်ဆုံးမှာတော့ ရေထည့်ပေးပါ။ ရေပမာဏကိုတော့ ကရားရဲ့လည်ပင်းလောက်အထိ ဖြည့်ပေးပါ။

အရသာတွေစိမ့်ဝင်သွားအောင် Detox Water ကို ရေခဲသေတ္တာထဲမှာ ၂ နာရီအအေးခံပေးလိုက်ပါ။ ဒါဆိုရင် ကျန်းမာရေးအတွက်လည်းကောင်းမွန်ပြီး အဆီလည်းကျစေမယ့် Detox Water လေးကို ရရှိသွားပါပြီ။

Source: FabHow

By MyStyle Myanmar